ထီးချိုင့်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

ထီးချိုင့်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့အနီးက ကျေးရွာတွေကို စစ်အုပ်စုကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့နဲ့ ၂ မိုင်ခန့်အကွာက ဇီးကုန်းကျေးရွာနဲ့ နတ်အင်းကျေးရွာတို့ကို ဒီဇင်ဘာ ၂၁ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နတ်အင်းကျေးရာစာသင်ကျောင်းအနီးကျရောက်ပြီး ဒေသခံအမျိုးသမီးတဦးကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးမှာ ဦးခေါင်းပြတ်ထွက်သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် အမျိုးသမီးတဦးနဲ့ ၇ နှစ်အရွယ်ယောက်ျားလေးတဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး ကျွဲ ၂ ကောင်ထိခိုက်ကာ နွား ၁ ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"(ဒီဇင်ဘာ)၂၈ရက်နေ့အထိ လေကြောင်းတိုက်မယ့်သတင်းက ရထားတယ်။ ဒီဘက်က ဒလန်တွေကလည်း နေရာအတိအကျနဲ့ကို သတင်းပေးနေတာ"လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

စစ်ရှောင်ပြည်သူတွေထဲမှာလည်း စစ်ကောင်စီသတင်းပေးရှိနေတဲ့အတွက် စစ်ဆေးတာတွေလုပ်နေသလို အသွားအလာကန့်သတ်တာတွေလည်းလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ 

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကစတင်ခဲ့ကာ လက်ရှိအချိန်မှာတော့ ကာကွယ်ရေးတပ်တွေဘက်က တိုက်ပွဲတွေယာယီရပ်နားထားပေမယ့် စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီလောက်မှာလည်း ထီးချိုင့်မြို့အနီးက မြသိန်းတန်တောင်ပေါ်မှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်လို့ ယူဆတဲ့နေရာတွေကို လေကြောင်းကနေ ပစ်ခတ်ခဲ့ပါသေးတယ်။ 

လက်ရှိ ထီးချိုင့်မြို့ထဲမှာ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ KIA နဲ့ KIA တပ်တွေလည်း ရှိနေသလို မြို့အနီးက မြသိန်းတန်တောင်နဲ့ ဖက်တောင်တို့မှာလည်း စစ်တပ်က အင်အားထပ်ဖြည့်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - ဇွန်လ ၉ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းတိုက်ခိုက်ခံရစဉ် စစ်တပ်ကလေကြောင်းပစ်ကူပေးနေသည့် Mi 35 ရဟတ်ယာဉ်တစီး။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #လေကြောင်းတိုက် #အမျိုးသမီးသေ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10