ထီးချိုင့်မှာ လက်နက်ကြီးထိမှန်လို့ PDF တဦးသေဆုံး

ထီးချိုင့်မှာ လက်နက်ကြီးထိမှန်လို့ PDF တဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ နန့်ပေါင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ကို ဒေသခံ PDF အဖွဲ့တခုက ဇူလိုင် ၅ ရက် နေ့လယ် ၁ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF တဦး သေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ဆီက သိရပါတယ်။

 

သေဆုံးသူမှာ LPDF အဖွဲ့တခုမှ အသက် ၂၀ ကျော်အရွယ်ရှိ ရဲဘော်တဦးဖြစ်ပြီး အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်နေချိန် စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ 

 

"စကစတွေလည်း အထိအခိုက်ရှိသွားပေမယ့် အတိအကျမသိရပါဘူး။ အခုထိ နယ်မြေ မရှင်းလင်းရသေးပါဘူး။ ဒီနေ့ (ဇူလိုင် ၆)မနက်လည်း မိုင်းဆွဲ၊ တိုက်ခိုက်နေတုန်းမို့ပါ"လို့ ထီးချိုင့် PDFမှ ရဲဘော်တဦးက ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာကို ပြန်လည်ခုံခံဖို့ရာ လက်နက်အင်အား၊ လူအားမမျှတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။

 

လက်နက်ကြီးထိမှန်လို့ PDF တဦးသေဆုံးခဲ့သလို လက်လုပ်သေနတ် ၂ လက်ပါဆုံးရှုံးခဲ့ရပြီး ရဲဘော်ရဲ့ အလောင်းကိုတော့ ဇူလိုင် ၅ ရက်ညနေ ၄ နာရီလောက်မှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

 

သေဆုံးရဲဘော်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

 

ဇူလိုင် ၆ ရက်ဒီနေ့မှာတော့  အထက်ပါစစ်ကြောင်းဟာ ကျောက်စလစ်ကုန်းကျေးရွာရဲ့ ဘုန်းကြီးကျောင်းထဲမှာ ဝင်ရောက် တပ်စွဲနေတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #PDF #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10