ထီးချိုင့်မှာ လေ​ယာဥ်နဲ့ဗုံးကြဲခံရလို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ထီးချိုင့်မှာ လေ​ယာဥ်နဲ့ဗုံးကြဲခံရလို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဝဲကြီးနဲ့အင်ဒေါင်းကျေးရွာအကြားကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ်တစီးနဲ့ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ဗုံးကြဲခဲ့လို့ စစ်ရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ၆ ဦးမှာ ဝဲကြီးကျေးရွာမှ ဦးစိုးနိုင် ၄၇ နှစ်၊ ဒေါ်ညိုနွဲ့ ၄၇ နှစ်၊ ကိုအောင်ပိုင် ၁၆ နှစ်၊ မမာလာမိုး ၂၃ နှစ်၊ အမည်မသိရသေးတဲ့အမျိုးသား ၂ ဦးတို့ဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့သူ ၅ ဦးမှာ အသက် ၅ နှစ်အရွယ်ကလေးငယ် ၂ ဦး၊ အင်ဒေါင်းရွာမှ ကိုနန်းထက်ဇော် ၁၈ နှစ် တို့ဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။



"ဘာမှတိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဒီအတိုင်း လာကြဲသွားတာ။ တိုက်လေယာဥ် ၂ စင်းက မြစ်ကြီးနားဘက်က ဆင်းလာတာ။ တစင်းကတော့ ပေါက်ကုန်းဘက်ကို ကြဲတယ်။ တစင်းက စစ်ရှောင်တွေနေတဲ့နေရာကို ကြဲသွားတာ။ ကျနော်တို့စာရင်းရထားတာထက်ကို သေဆုံးသူ၊ဒဏ်ရာရသူတွေ များနိုင်ပါသေးတယ်" လို့ ဆိုပါတယ်။

တိုက်လေယာဥ် ၂ စီးမှာ တစီးက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ ဦးလာဘဘုရားအနီးဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး ကျန်တစီးမှာ ပေါက်ကုန်းကျေးရွာအနီးကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"လေယာဥ်နဲ့ဗုံးကြဲတဲ့အချိန်မှာ စစ်ဘေးရှောင်တွေက ပဲသိမ်းနေကြတာလို့ သိရတယ်။ ​ပြေး ချိန်မရလိုက်ဘူးပေါ့။ ပေါက်ကုန်းမှာတော့ အိမ်တလုံးနဲ့ဝက်တကောင်ပဲ ထိသွားတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ မတ်လထဲမှာ ပေါက်ကုန်းရွာကို ဗုံးကြဲတာ ဒီတကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ" လို့ ဆိုပါတယ်။

မတ်လ ၃၀ ရက်ကလည်း ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာမှာ မပေါက်ကွဲသေးပဲ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်ကို ကလေးငယ်တွေ ဆော့စကားရာက ပေါက်ကွဲပြီး ကလေး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၃၁၊ ၃၀ရက် ၂ ရက်ဆက်တိုက် ထီးချိုင့်မြို့နယ်က ညောင်ပင်သာရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၂၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10