ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့  လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ

ထီးချိုင့်မှာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများလို့ လေယာဥ် ၃ စီးနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောမရွာအနီး ကျူတောင် တောင်ရိုးအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဧပြီလ ၂၂ ရက်နေ့ကစတင်လို့ တိုက်ပွဲတွေ ဖြစ်ပွားနေကာ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်ကနေ ထွက်လာတဲ့အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ ကျူတောင် တောင်ရိုးပေါ်ကို စစ်ကြောင်းထိုးတက်လာလို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာတာကြောင့် တောမနဲ့ မရသိမ်ရွာတွေ အနီးတဝိုက်ကို ဒီမနက် ၉ နာရီခန့်ကစလို့ လေကြောင်းကနေ ၆ ကြိမ် ဗုံးကြဲသွားတယ်လို့ ဆိုပါတယ်။


“တိုက်ပွဲက ဖြစ်နေတာ ၃ ရက်ရှိပြီ။ ဒီကောင်တွေဘက်က ၁၅ ကောင်လောက် သေတယ်လို့ ခန့်မှန်းသိရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ တောင်ရိုးပေါ်မှာ ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက ဝိုင်းပြီးပိတ်ထားတာ” လို့ ထီးချိုင့်ရပ်၊ ကျေးပကဖခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလိုစစ်ကောင်စီတပ်က မြေပြင်နဲ့လေကြောင်း တိုက်ခိုက်နေတာကြောင့် ထီးချိုင့်မြို့နယ်ထဲက တောမ၊ မုတ်ဝ၊ ကျွန်းပင်သာ၊ ဖုန်ကုန်း၊ ဝဲကြီး၊ မရသိမ်စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံ ၁၅၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

"စကစတွေဘက်က အကောင်ကြီးတကောင် ထိပြီးတော့ ရိက္ခာ၊ ခဲယမ်းတွေကအစ ပြတ်နေတယ်လို့ သိရတယ်။ အဲ့ဒါကြောင့်မလို့ လေကြောင်းကနေ ပစ်ကူပေးနေတာ။ မြစ်ကြီးနားလေတပ်က လာတာလို့ သိရတယ်။ ပထမ လာပစ်တာက ၂ စီးပူး၊ နောက်အကြိမ်တွေမှာတော့ ၁ စီးတည်းနဲ့ ပစ်တာ ၆ ကြိမ်အထိ။ ဒေသခံတွေနဲ့ ရဲဘော်အထိအခိုက်တော့ မသိရသေးဘူးဗျ။ ကျနော်တို့လည်း အဲ့ဒီနားမှာ နေတာဖြစ်လို့ ပြေးနေရတယ်" လို့ Royal Tiger Support Battalion မှ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာ ၃ ရက်ကြာ တိုက်ခိုက်ခံနေရတဲ့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဒီမနက်ပိုင်းအချိန်မှာ တောမနဲ့ဖုန်ကုန်းကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ Tigyaing Revolution -TR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာလည်း ထီးချိုင့်မြို့နယ်၊ ဝဲကြီးနဲ့ အင်ဒေါင်းကျေးရွာအကြားကို တိုက်ပွဲမဖြစ်ဘဲ တိုက်ခိုက်ရေးလေယာဥ်တစီးနဲ့ ညနေ ၄ နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ၆ ဦး သေ ဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - အထိနာနေတဲ့ စစ်ကောင်စီမြေပြင်စစ်ကြောင်းက မီးဝင်ရှို့သွားတဲ့ တောမရွာ။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10