ထီးလင်းက ပအဖရုံး လေယာဉ်ဗုံးကြဲခံရလို့ ၃ ဦးသေဆုံးပြီး ပအဖတာဝန်ခံအပါ ၁၂ ဦးဒဏ်ရာရ

ထီးလင်းက ပအဖရုံး လေယာဉ်ဗုံးကြဲခံရလို့ ၃ ဦးသေဆုံးပြီး ပအဖတာဝန်ခံအပါ ၁၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို ဧပြီလ ၂၀ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့ဆီက သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပအဖရုံးအဖွဲ့ဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၄ ဦးအပါအဝင် ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ YRA တာဝန်ရှိသူတဦးက မြေလတ်အသံကို အတည်ပြုပြောပါတယ်။


"ဂျက်ဖိုက်တာ ၁ စီးတည်းနဲ့ ၂ ကြိမ်လာကြဲတာ၊ ပအဖရုံးသူ၊ရုံးသားတွေထိတာပါ။ တာဝန်ခံကိုယ်တိုင်လည်း ဒဏ်ရာရထားတယ်။ ၁၂ ယောက်ဒဏ်ရာရပြီး ၄ ယောက်ကတော့ မသေရုံတမယ်ပဲ" လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေဟာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၈ ဦးဖြစ်ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်နေကာ၊ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး တခုလုံးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ယောဒေသတခုလုံးကို ပြီးခဲ့တဲ့တပတ်ခန့်ကတည်းက ဖုန်းလိုင်းတွေ ဖြတ်တောက်ထားခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်မနေ့ကစလို့ တခြားနေရာတွေကို ပြန်ဖွင့်ပေးခဲ့မယ့် ထီးလင်းနယ်ကို ဆက်လက် ဖြတ်တောက်ထားတာကြောင့် ဗုံးကြဲတိုက်ခိုက်မှုကို လွန်ခဲ့တဲ့တပတ်ခန့်ကတည်းက ပြင်ဆင်လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ PDF တာဝန်ရှိသူက သုံးသပ်ထားပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10