ထီးလင်းနယ်က ရွာပေါင်း ၂၀ ကျော်မှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေရှိ

ထီးလင်းနယ်က ရွာပေါင်း ၂၀ ကျော်မှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေရှိ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မောချောင်းနဲ့ သံသေချောင်းက ရေတွေကျပြီး ချောင်းကမ်းနားစပ်ရှိ ရွာပေါင်း ၂၀ ကျော်မှာ ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ တိရိစ္ဆာန်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မေလ ၁၅ ရက် မနေ့ကစပြီးကျလာတဲ့ ချောင်းရေတွေကြောင့် လက်တလောမှာ ဆန်၊ စပါး၊ မြေပဲ တင်း ၁၀၀၀ ကျော် ရေနဲ့မျောပါခဲ့ပြီး၊ ကျွဲ၊ နွား ၂၇ ကောင် သေဆုံးခဲ့တယ်လို့ Yaw Revolution Army - ထီးလင်း တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


ဒီအရေအတွက်ဟာ လက်တလော စာရင်းပြုစုထားတဲ့ ပမာဏဖြစ်ပြီး ဒီထက်ပိုပြီးများနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မောချောင်းနဘေးက ကျေးရွာတွေဖြစ်တဲ့ အောင်မြင်၊ သရခါအနောက်ဘက်၊ ထလင်း၊ ထန်းပင်ကုန်း၊ တောရောင်း၊ ၀က်သက်၊ ၀ါးဘင်း၊ ညောင်ကန်၊ ဟင်းခွပ်ကုန်း၊ ကင်းဘန်း၊ အင်းနား၊ ကန်ဇွန်းထောင့်နဲ့ သံသေချောင်းဘေးရှိ ဆွဲလည်း၊ ယုန်ဆင်း၊ မင်းလည်၊ လုံးပေါင်၊ လက်ပံ၊ အုံးတွဲ၊ ကွမ်းဇဲ၊ ၀ါးရင်းချိုင်၊ ပုဏ္ဏားရွာတွေမှာ ပျက်စီးမှုရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီရွာက ဒေသခံအများစုကတော့ မုန်တိုင်းမဖြစ်ခင်ကတည်းက ရွာကနေ တိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး၊ သူတို့ ယာယီနေထိုင်နေတဲ့နေရာက တဲအိမ်တွေလည်း ရေမြုပ်သွားတယ်လို့ ဆိုပါတယ်။

“ထီးလင်းမြို့နယ်အတွင်းမှာ အိုင်းမပြင်မှာ(ဒေသခံတွေ တိမ်းရှောင်နေတဲ့နေရာ) ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေကြတဲ့ အိုင်းမပြင်ကြီးတခုလုံး ရေမြုပ်သွားတဲ့အတွက် တဲ ၁၀၀ လောက်နဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေ ရေထဲမျောပါကာ ပျက်စီးဆုံးရှုံးခဲ့ရတယ်” လို့ ဆိုပါတယ်။

အဲ့ဒီဒေသမှာ လူဦးရေ ၁ သောင်းကျော်ရှိကာ၊ မေလ ၁၆ ရက် ဒီကနေ့အထိ မိုးလည်းမတိတ်သေးတာကြောင့် ဒေသခံတွေအနေနဲ့ နေထိုင်ဖို့အခက်အခဲရှိနေပြီး စာနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #ထီးလင်း #မိုခါမုန်တိုင်း #ရေဘေး #ပျက်ဆီးဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10