ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူဦးရေ ၇,၀၀၀ အထိဖြစ်လာပြီး၊ ၂ နှစ်ကျော်လာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရာ အခုဆောင်းတွင်းကာလမှာ အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။ 

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် နေရပ်စွန့်ခွာစစ်ရှောင်နေရတဲ့ ပြည်သူ ၇,၀၀၀ ခန့်အထိတိုးလာနေပြီး ရှောင်တိမ်းနေရတဲ့ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ စားသောက်ရေးအတွက် ခက်ခဲလျက်ရှိရာ အခုဆောင်းတွင်းကာလမှာ အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ 

နေရပ်စွန့်ခွာစစ်ရှောင်အများစုဟာ သူတို့နေထိုင်ရာကျေးရွာတွေရဲ့ အနီးဝန်းကျင်က တောတောင်တွေ၊ တောင်သူတဲတွေမှာနေကြရပြီး ဆွေမျိုးရှိသူတချို့သာ ဘေးကင်းရာကျေးရွာတွေဆီ ပြောင်းရွေ့နေထိုင်ကြတယ်လို့ စစ်ရှောင်ကူညီထောက်ပံ့ပေးသူတွေက ဆိုပါတယ်။ 

စစ်ရှောင်အများစုဟာ နေထိုင်ရေးခက်ခဲသလို အလုပ်အကိုင်မရှိတာကြောင့် နေ့စဉ်စားသောက်ဖို့လည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

"အရေးအကြီးဆုံးကတော့ စားဝတ်နေရေးပ(ပေါ့)။ စားဖို့ဆန်တောင် ရှားလာကြပြီ။ အရင်နှစ်တွေနဲ့ မတူတာက မိုးကလည်း ခေါင်တယ်၊ မုန်တိုင်းကလဲဝင်လိုက်သေးတာဆိုတော့ စပါး ၁ တင်းပျိုးတာကို ၁ တင်းတောင်ပြန် မရတဲ့လူတွေလည်းများတယ်။ စစ်ကြောင်းကလည်း ခဏခဏထိုးတော့ လယ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူးလေ" လို့ ထီးလင်းမြို့နယ်အနောက်ခြမ်းအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုအခါ ဆောင်းတွင်းရောက်လာတဲ့အတွက် အမိုးအကာနဲ့အနွေးထည်အဝတ်အစားတွေလည်း လိုအပ်လာတယ်လို့ ဆိုပါတယ်။

"ကိုယ့်ဒေသကလည်း ခေါင်တယ်ဆိုတော့ ဈေးတွေက ကြီးကြတယ်။ လိုအပ်နေတဲ့ ဆေးဝါးတွေ၊ မိုးကာတွေ၊ စောင်တွေ၊ အနွေးထည်တွေကို ဝင်ငွေမရှိဘဲ မဝယ်နိုင်ကြဘူး။ ကလေးတွေ၊ ဘိုးဘွားတွေသာ အအေးဒဏ်ကြောင့်ဖျားနာခဲ့ရင် မလွယ်ဘူး" လို့ ထီးလင်းမြို့နယ်တွင်းမှာ စစ်ရှောင်အရေးကိစ္စတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မလွင်လွင်ကပြောပါတယ်။

ခေတ္တနေထိုင်ရန်ဆောက်လုပ်ထားတဲ့ တောင်သူတွေရဲ့ တဲတွေဟာ စစ်ရှောင်အများစုရဲ့ ကာလရှည်အခြေပြုနေထိုင်ကြခြင်းကြောင့် ကြံ့ခိုင်မှုမရှိတော့ဘဲ ယိုယွင်းပျက်စီးလာကြပြီဖြစ်တယ်လို့ သိရပါတယ်။ 

"အလှူရှင်ရှိလို့ဆိုပြီး မိုးကာနဲ့သီးနှံမျိုးစေ့လေးတွေ ရဖူးတာရှိတယ်။ အုပ်ချုပ်ရေးတွေဆီကနေ ဆန်ထောက်ပံ့တာလေးတွေလည်း ရဖူးတယ်။ အခုအချိန်ကတော့ စောင်တွေ အဓိကလိုကြတာပ။ အိမ်တွေ မီးရှို့ခံခဲ့ရတာဆိုတော့ ရှိသမျှအကုန်ပါသွားခဲ့တာ" လို့ ၂ နှစ်ကျော်နေရပ်စွန့်ခွာရှောင်တိမ်းနေရတဲ့ မီးဘေးသင့်ပြည်သူတဦးက ပြောပါတယ်။

ထီးလင်းမြို့နယ်အတွင်းက စစ်ရှောင် ၇,၀၀၀ ဝန်းကျင်ဟာ ထီးလင်းမြို့အနီးတဝိုက်က ကျေးရွာ ၁၀ ရွာခန့်မှ အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်၊ ရေမျက်နီကျေးရွာက စစ်ရှောင်အိမ်ထောင်စု ၄၀၀ ကျော်၊ ထီးလင်းမြို့ပေါ်မှ စစ်ရှောင်လာသူဦးရေ ၁၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။ 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုခံခဲ့ရတဲ့ နေအိမ်ပေါင်း ၅၀၀ ကျော်အထိရှိနေခဲ့တာဖြစ်ပြီး ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးစီးနင်းမှု အကြိမ်ရေစိပ်လာတဲ့အတွက် နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေတိုးလာတာလို့ စစ်ရှောင်ကူညီပေးသူတွေက ဆိုပါတယ်။ 

သတင်း - Razor၊ စာတည်း - JCG၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေးတိုင်း #ထီးလင်းမြို့ #စစ်ရှောင် #အနွေးထည် #အလှူရှင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10