ထီးလင်းမှာတာဝန်ကျတဲ့ ဗိုလ်ကြီး ၆ ဦးထဲက ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရ

ထီးလင်းမှာတာဝန်ကျတဲ့ ဗိုလ်ကြီး ၆ ဦးထဲက ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက ၂၀၂၁ ကနေ ယခုနှစ်ထိ ၃ ပွင့်အဆင့်ရှိ ဗိုလ်ကြီး ၆ ဦးကို တာဝန်ချထားပေးခဲ့ပြီး သူတို့ထဲက ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိထားတယ်လို့ မြေပြင်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်က တပ်မ ၇၇ နဲ့ တပ်ရင်း ၁၀၇ ပူးပေါင်းအင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ ထွက်လာချိန် အရပ်အခေါ် စခန်းကြီးနားမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၃ ပွင့်ဗိုလ် ဗိုလ်ကြီးအောင်စိုးဦး(ခ) ညောင်ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ကလည်း ထီးလင်းမြို့ကနေထွက်လာတဲ့ အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ် ဗိုလ်ကြီးကောင်းဆိုသူ ခြေထောက်မိုင်းစထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ ၄ ဦးကို မီးရှို့သတ်ကာ ဒေသကာကွယ်ရေးရဲဘော် ၁ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

 ကျားခဲရွာသားတွေဖြစ်တဲ့ ဦးမျိုးကျော်၊ ဦးသန်းစိန်မင်း၊ ကိုဝင်းဆန်းဦးနဲ့ ကိုမင်း သူတို့ ၄ ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခွင့်ရက်နဲ့ရွာပြန်လာတဲ့ ဂန့်ဂေါအခြေစိုက်တပ်ရင်း ၁ ခုက ရဲဘော်ကတော့ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ 

“ထီးလင်းမှာက ရာထူးအကြီးဆုံးရယ်လို့ မရှိဘူး၊ ၃ ပွင့်တွေချည်းပဲ ရှိတာလေ၊ အခု ဗိုလ်ကြီးညောင်ဦးခေါ်တဲ့ အောင်စိုးဦးက ကျသွားပြီ၊ ဗိုလ်ကြီးကောင်းကတော့ ခြေထောက်ကိုထိလို့ အရင်တလောကလာတဲ့ ရဟတ်ယာဥ်နဲ့ ဆေးကုပါသွားပြီ။” လို့ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

နိုဝင်ဘာ ၂၈ ရက် စခန်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ၃ ပွင့်ဗိုလ် ဗိုလ်ကြီးအောင်စိုးဦးနဲ့ စစ်သားအလောင်းတွေကို ဒီကနေ့ထိ လာရောက်ကောက်ယူတာ မရှိတဲ့အတွက် ပတ်ဝန်းကျင်မှာ အနံ့ဆိုးတွေ ထွက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၂ နိုဝင်ဘာလကဖြစ်ခဲ့တဲ့ ပါးမျဥ်းရွာအနီးတိုက်ပွဲမှာ စစ်ကြောင်းထူးချွန်ဆုရထားတဲ့ ၃ ပွင့်ဗိုလ် အောင်ထိုက်ဆိုသူ သေဆုံးခဲ့ပြီး အဲဒီနှစ် ဧပြီလကဖြစ်ခဲ့တဲ့ ထီးလင်းမြို့စွန်က ကော်မရှင်ရုံးစီးနင်း တိုက်ပွဲမှာလည်း ၃ ပွင့်ဗိုလ် နေလင်းအောင် သေဆုံးခဲ့တယ်လို့ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့တဦးက ပြောပါတယ်။

လက်ရှိ ထီးလင်းမြို့မှာ မင်းတပ် ခလရ-၂၇၄က ဗိုလ်ကြီး မိုးသောက်(အဘလေး)နဲ့ ခြေထောက်ဒဏ်ရာရထားတဲ့ ဗိုလ်ကြီးကောင်းနေရာမှာ အစားထိုးဖို့အတွက် ရောက်နေတဲ့ ကလောအခြေစိုက် ခလရ-၅၅က ဗိုလ်ကြီး ရဲမာန်တို့ရှိတယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာ ၂၈ ရက် ထီးလင်းမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် သုံ့ပန်းနှင့် သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။

သတင်း - Razor၊ ချယ်ရီ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ထီးလင်းမြို့ #စစ်ကောင်စီ #ဗိုလ်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10