ထီးလင်းမှာ အမျိုးသားတဦးကို စစ်ကောင်စီက ပစ်သတ်

ထီးလင်းမှာ အမျိုးသားတဦးကို စစ်ကောင်စီက ပစ်သတ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပြင်ပကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၂၇ ရက်နေ့လယ် ၃ နာရီလောက်မှာ ဝင်ရောက်လာခဲ့ပြီးနောက် အမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ထီးလင်းမြို့နယ် ပကဖ က ပြောပါတယ်။

ပစ်သတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားခဲ့ပြီးမှ ရွာထဲမှာတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

"ရွာကိုဝင်တဲ့အချိန်မှာ ယောင်္ကျား ၄ ယောက်ကို အဖမ်းခံရတယ်။ စကစ တွေက သေနတ်ပစ်ပြီးတော့ ဝင်လာတာ။ စကစ တွေ ရွာထဲကနေထွက်သွားတဲ့အချိန်မှာတော့ ဖမ်းခံရတဲ့ ၄ ယောက်ကို ပြန်လွတ်ခဲ့တယ်။ ရွာထဲပိတ်မိနေကြတဲ့ သူတွေထဲက တယောက်ကိုပစ်သတ်သွားခဲ့တာ"လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဆရာကျော်က ပြောပါတယ်။

ထီးလင်းမြို့ပေါ်ရောက်ရှိနေတဲ့ တပ်မ ၇၇ မှ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက မြို့နဲ့  ၂ မိုင်ကျော်ဝေးတဲ့ ပြင်ပကျေးရွာကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာထဲညအိပ်ကာ အမျိုးသားတဦးကို ပစ်သတ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၈ ရက် ဒီနေ့မနက် ၈ နာရီမှာ ပြန်ထွက်သွားခဲ့တာလို့ ဆရာကျော်က ပြောပါတယ်။

လက်ရှိမှာ ပြင်ပကျေးရွာကို ဒေသခံ PDFအဖွဲ့ တွေက နယ်မြေရှင်းလင်းရေးဝင်လုပ်နေပြီး မနေ့ကထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေအနေနဲ့လည်း ကျေးရွာထဲပြန်ဝင်နေကြပြီလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၃ ရက်မှာလည်း တပ်မ ၇၇ မှ စစ်ကောင်စီတပ်သားတွေက ထီးလင်းမြို့ နယ်၊ ရွှေခုံတိုင်ရွာက အမျိုးသမီး ၁ ဦး၊ ထိန်တိုင်းရွာက အမျိုးသား၂ ဦး၊ ဆေးမင်းရွာက အမျိုးသား၂ ဦး စုစုပေါင်း ၅ ဦးကို ရွာထဲဝင် ရောက်လာခဲ့ပြီးနောက် ပစ်သတ်ကာ မီးရှို့သွားခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #စစ်ကောင်စီ #သတ်ပစ် #အမျိုးသား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10