သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ဒေသခံပြည်သူ ၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် မနေ့ ည ၈ နာရီခန့်မှာ ထီးလင်းမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက အင်အား ၈၀ ဝန်းကျင်နဲ့စထွက်လာပြီး ဒီကနေ့မနက် ၄ နာရီ ဝန်းကျင်မှာတော့ ကျားခဲရွာကို ဝင်ရောက်ကာ ခုလို ဖမ်းဆီးသတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
“၄ ယောက်ကို မီးရှို့သတ်သွားပါတယ်။ အရှင်လတ်လတ် မီးရှို့ခံရတဲ့ အနေအထားပေါ့။ PDF ရဲဘော် ၁ ဦးကတော့ မီးရှို့ခံရတဲ့ထဲ မပါဘူးဗျ။ စကစဘက်က အနီးကပ်ရောက်နေတာ။ အဲ့မှာ ရဲဘော်ကမြင်လို့ ထွက်ပြေးလို့ ပစ်ခတ်တာ။”လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ထီးလင်းဒေသခံတဦးက ပြောပါတယ်။
ကျားခဲရွာသားတွေဖြစ်တဲ့ ဦးမျိုးကျော်၊ ဦးသန်းစိန်မင်း၊ ကိုဝင်းဆန်းဦးနဲ့ ကိုမင်းသူတို့ ၄ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခွင့်ရက်နဲ့ ရွာပြန်လာတဲ့ ဂန့်ဂေါအခြေစိုက်တပ်ရင်း ၁ ခုက ရဲဘော်ကတော့ ကျည်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ထီးလင်းကနေစထွက်လာချိန် ဒေသခံကာကွယ်ရးတပ်တွေက ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်တာ၊ တိုက်မိုင်းမိတာတွေကြောင့် သေဆုံးထိခိုက်သူတွေလည်း ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက် ၇ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်ကလူနာတွေကို သရခါရွာထိ စစ်ကားနဲ့လာကြိုပြီး ထီးလင်းမြို့ပေါ် ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။
“အဲ့စစ်ကြောင်းက တပတ်လောက်ကြာအောင် ရွာတွေကိုပတ်ပြီးမှ စစ်ကြောင်းထိုးရမယ်ဆိုတဲ့ အမိန့်ရထားတာရှိတယ်။ ဒါမယ့် ဒရုန်းဗုံးသီးကျတာရော၊ မိုင်းတိုးတာရောဆိုတော့ လောလောဆယ် အတည်ပြုနိုင်တာ ၄ ဦးရှိတယ်ဗျ၊ သူတို့ဘက်က သေဆုံးတာပေ့ါနော်။” လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီက ဓားစာခံဖမ်းဆီးထားတဲ့ ပြည်သူ ၃ ဦးခန့်ရှိနေပြီး အများစုက ဘေးလွတ်ရာရှောင်နေရတဲ့အတွက် ပျောက်ဆုံးပြည်သူအရေတွက် စိစစ်နေသလို ရွာသားသေဆုံးမှုနဲ့ ပတ်သက်ပြီးလည်း သတင်းတွေမျိုးစုံထွက်ပေါ်နေတာကြောင့် အတိကျသိရအောင် ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဂန့်ဂေါခရိုင် ကျန်းမာရေးတာဝန်ခံက ဆိုပါတယ်။
ကျားခဲရွာဟာ ထီးလင်းမြို့ကနေ ကားလမ်းအတိုင်းဆို ၆ မိုင်၊ တောလမ်းကနေဆို ၄ မိုင်ခန့်ဝေးပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ ကျေးရွာ ၁ ခုဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ထီးလင်း #ကျားခဲရွာ #ဒေသခံ #မီးရှို့သတ် #စစ်တပ်
Share Share Share