ထီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့်သေဆုံးဟုဆို

ထီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့်သေဆုံးဟုဆို

မကွေးတိုင်း၊ ကျောက်ထုနယ်ကနယ် စစ်ကြောင်း ၂ ခုပေါင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၄ ရက် မနေ့ကမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ထုဘက်ကထွက်လာတဲ့ စစ်သားအင်အား ၇၀ နဲ့ ကျောက်ထုမြို့နယ်၊ ရွှေအောင်သာရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းတို့ ပူးပေါင်းကာ ထီးလင်းနယ်ဘက်ကိုထွက်လာချိန် မနက် ၈ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတာလို့ Yaw Revolution Army - ထီးလင်း ခေါင်းဆောင်သခင်ဇော်က ပြောပါတယ်။


“အောင်းမြောက်ရွာအရှေ့နား အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာ၊ တိုက်ပွဲချိန်က မိနစ် ၂၀ လောက် ကြာခဲ့တယ်၊ ၇ ဦးသေပြီး ဒဏ်ရာရရှိသူတွေရှိတယ်၊ တိုက်ပွဲဖြစ်ပွားချိန်မှာ ဂျက်ဖိုင်တာ ၁ စီး ဝဲလာတာကြောင့် အဖွဲ့တွေ အမြန်ဆုတ်ခွာခဲ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပဲခူးအခြေစိုက် တမခ ၇၇ လက်အောက်ခံဖြစ်ပြီး၊ ထီးလင်းနယ်အပိုင် အောင်းမြောက်ရွာအနီးမှာ အပြန်အလှန်ပစ်ခတ်ခဲ့တာဖြစ်သလို ကာကွယ်ရေးရဲဘော်တွေဘက်က ထိခိုက်မှုသေဆုံးမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို Yaw Revolution Army-ထီးလင်း နဲ့ ဂန့်ဂေါခရိုင်တပ်ရင်း (၁၈) - YNRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ မျက်မြင်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပေမယ့် မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိအဲ့ဒီစစ်ကြောင်း ၂ ကြောင်းဟာ အောင်းမြောက်ရွာမှာပဲရှိ‌နေပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကလည်း ထီးလင်းမြိုန့ယ်၊ ပုဇင်းချောင်ကျေးရွာက နေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကို Yaw Revolution Army - ထီးလင်း အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ရှေ့တန်းတနေရာမှ Yaw Revolution Army - ထီးလင်း တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10