သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အလယ်ဘန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေဟာ အကြမ်းဖက်သမားတွေဆိုကာ ဝါဒဖြန့်နေတဲ့ သတင်းအမှား တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။
■ သတင်းအမှားပျံ့နှံ့မှု ■
“ထီးလင်းမြို့နယ်အတွင်း တိုက်ပွဲမဖြစ်ဘဲနဲ့ အလယ်ဘန်းအကြမ်းဖက်စခန်းလေကြောင်း တိုက်ခိုက်သုတ်သင် မီး ဖုတ်ကင်မှုကြောင့် အပြစ်မဲ့အကြမ်း ဖက်၈ဦးသေဆုံး၊ ၂၄ ဦးအထက်ထိခိုက်ဒဏ်ရာတိုပြတ်ဖွါလန်ရရှိ၊ ဒဏ်ရာရ အပြစ်မဲ့အကြမ်းဖက်၄ဦးထပ်ဂိန် (မူရင်းရေးသားချက်အတိုင်း)” ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
အကြမ်းဖက်စခန်းနဲ့ အကြမ်းဖက်တွေလို့သာ ရေးသားထားပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကို ရည်ညွှန်းကြောင်း ဖော်ပြထားတာမျိုးတော့ မတွေ့ရပါဘူး။
အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၃၅,၀၀၀ ကျော်ရှိ နေပြည်တော် တယ်လီဂရန်ချန်နယ်မှ မတ် ၂၁ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး မတ် ၂၃ ရက် ဒီကနေ့ မနက်ပိုင်းအထိ ကြည့်ရှုသူ ၁၀,၆၀၀ ကျော် Reaction ၁၁၁ ခုရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်ပါအကြောင်းအရာကိုပဲ မတ် ၂၁ ရက် မနက် ၁၀ နာရီ ၁၇ မိနစ်မှာ Subscribers ၂၆,၀၀၀ ကျော် ရှိတဲ့ Truth Media တယ်လီဂရန်ချန်နယ်က မူရင်းတင်တဲ့ နေပြည်တော်တယ်လီဂရန်ချန်နယ်နဲ့ အချိန်မိနစ်ပိုင်း သာခြားပြီး ထပ်ဆင့်မျှဝေဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/rFgEr
Truth Media တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/spcAM
အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■
အကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖော်ပြချက်မှာပါဝင်တဲ့ ထီးလင်းမြို့၊ အလယ်ဘန်းရွာဆိုတဲ့ နေရာဖော်ပြချက်ကို အသုံးပြုပြီး Google မှာ “ထီးလင်း အလယ်ဘန်း” စာသားနဲ့ရှာဖွေကြည့်ရာ “Myanmar Now” သတင်းဌာန Website မှာ “ထီးလင်းတွင် ညသန်းခေါင်အချိန် လေကြောင်းတိုက် ခိုက်မှုကြောင့် ၄ ဦးသေဆုံး” ဆိုတဲ့ သတင်းကိုတွေ့ရှိရပြီး ဖော်ပြထားတဲ့သတင်းဓါတ်ပုံတွေဟာ နေပြည်တော် တယ်လီဂရမ်ချန်နယ်က အသုံးပြုထားတဲ့ ပျက်စီးနေတဲ့အဆောက်အဦဓါတ်ပုံနဲ့ ကိုက်ညီနေတာကို တွေ့ရှိရပါတယ်။
Myanmar Now ရဲ့သတင်းဖော်ပြချက်အရ ၂၀၂၅ မတ်လ ၂၀ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထီးလင်းမြို့နယ်၊ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာက အလယ်ဘန်းကျေးရွာကို စစ်လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ သက်ကြီးပိုင်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကျောင်းသူ ၂ ဦး တို့ သေဆုံးခဲ့ပြီး တိုက်ပွဲမရှိဘဲ လူခြေတိတ်အိပ်မောကျချိန် ကျေးရွာကိုဦးတည် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံအမျိုးသားတဦးထံ မေးမြန်းထားချက်ကို ဖော်ပြထားတာတွေ့ရပါတယ်။
ဆက်လက်ပြီး Google မှာ “ထီးလင်း အလယ်ဘန်း” ဆိုတဲ့စာသားနဲ့ ထပ်မံရှာဖွေကြည့်ရာမှာ Myanmar Now မှ ဖော်ပြချက်အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကလည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြထားတာကာ အဲ့ဒီဖော်ပြချက်တွေအရ ၂၀၂၅ ၊ မတ် ၂၀ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထီးလင်းမြို့၊ အလယ်ဘန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်သေဆုံးခဲ့သလို လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြကြပါတယ်။
လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -
ထီးလင်းတွင် ညသန်းခေါင်အချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ဦးသေဆုံးကြောင်း Myanmar Now မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ထီးလင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး၊ နေအိမ် ၅၀ နီးပါး ပျက်စီး DVB မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်
ထီးလင်းတွင် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ဒေသခံအမျိုးသမီး ၃ ဦးအပါဝင် ၄ ဦးသေဆုံးကြောင်း Mizzima Burmese News မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် သတင်းဖော််ပြချက် - သတင်းကြည့်ရန်
ဒါ့အပြင်နေပြည်တော် တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားတဲ့ဓါတ်ပုံနဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ဓါတ်ပုံအရ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ အဆောက်အဦတွေဟာ လူနေရပ်ကွက်၊ ကျေးရွာအတွင်းက သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်တွေသာဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။
ဒါကြောင့် အလယ်ဘန်းရွာ လေကြောင်းတိုက်ခိုက်မှု အကြမ်းဖက်စခန်းကိုတိုက်ခိုက်တာဖြစ်ပြီး သေဆုံးသူတွေက အကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်ဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။
■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■
သတင်းအမှားဖြန့်ဝေနေတဲ့ နေပြည်တော်တယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ Truth Media ကို Kyaw Kyaw Min ဆိုတဲ့အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက သတင်းတုတွေတင်ဆက်နေတာကို တွေ့ရှိရသလို နေပြည်တော်နဲ့ Truth Media တို့ဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်း ဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။
နေပြည်တော် တယ်လီဂရန်ချန်နယ် - https://archive.ph/AKuGk
Truth Media တယ်လီဂရန်ချန်နယ် - https://archive.ph/0nO5G
နေပြည်တော်နဲ့ Truth Media တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲကMyanmar Fact-checking Network - MFCN ကနေ စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါ လင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/Cfo4p
Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/Ry4qD
■ သုံးသပ်ချက် ■
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေ ကို ဖုံးကွယ်နိုင်ဖို့အတွက် အရပ်သားသေဆုံးမှုတွေကို စစ်ရေးပစ်မှတ် PDF တွေဖြစ်ကြောင်း သတင်းတု၊ သတင်း မှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။
အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေအပါအဝင် အရပ်သားတွေသေဆုံးခဲ့တဲ့အပေါ် ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံးသူတွေမှာ အရပ်သားတွေမဟုတ်ဘဲ စစ်ရေးပစ်မှတ်တွေလို့ လုပ်ကြံဖန်တီးထား တာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြု အပ်ပါတယ်။
#မြေလတ်အသံ
#Factcheck #သတင်းတုသတင်းမှား #ထီးလင်း #အလယ်ဘန်း #လေကြောင်းတိုက်ခိုက်မှု
Share Share Share