ထောက်ပို့စစ်ကြောင်း အသွားအပြန် တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူများပြီး ၈ဦးသေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကနေ ပလိုင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စခန်းအတွက် ရိက္ခာလာပို့တဲ့ ထောက်ပို့စစ်ကြောင်း အသွားအပြန် ၂ ကြိမ် တိုက်ခိုက်ခံရလို့ ၈ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

စစ်သား ၃၀ ဝန်းကျင်နဲ့ ပျူစောထီး ၅၀ လောက် အထိုင်ချတပ်စွဲနေတဲ့ ပလိုင်းကျေးရွာကို ရွှေဘိုကနေ အင်အား ၅၀ ဝန်းကျင်နဲ့ ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကြောင်းကို မေလ ၈ ရက် ‌မနက် ၉ နာရီခွဲလောက်မှာ ချီပါကျေးရွာနဲ့ မဲတောကျေးရွာအကြားမှာ ကာကွယ်ရေးအဖွဲ့တွေပထမအကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပြီး မဲတောရွာကနေ ပြန်အထွက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ထိတွေ့မှုထပ်ဖြစ်ကာ အသွားအပြန် တိုက်ခိုက်ခံရလို့ အဲဒီထောက်ပို့စစ်ကြောင်း အထိနာပြီး ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့က ရွှေဘိုမြို့အခြေထိ လက်လုပ် ၆၀ မမ တာဝေးပစ်နဲ့ လိုက်ထုခဲ့တယ်။ မျက်မြင်တွေ့ရတာက အဲဒီအနားမှာ ၅ ဦးသေပြီး နောက်ထပ်အတွင်းသတင်းပေးအရ ၃ ကောင်ထပ်သေတာ သိရတယ်။ စုစုပေါင်း ၈ ကောင်‌သေတာသိရတယ်။ ဒဏ်ရာရတာကတော့ အများအပြားရှိတယ်။" လို့  ဗိုလ်မိကျောင်းက ပြောပါတယ်။

ရိက္ခာလာပို့တဲ့ ထောက်ပို့စစ်ကြောင်းဟာ ရွှေဘိုမြို့နယ်ထဲက တပ်ရင်း ၄၂ နဲ့ လေ့ကျင့်ရေး ၈ က ဖြစ်ဖို့များပြီး ဘယ်တပ်က ဆိုတာတော့ အတိအကျ မသိရဘဲ တိုက်ခိုက်ခံရပြီးနောက် ရွှေဘိုမြို့ တပ်ရင်း ၄၂ ထဲကို ပြန်ဝင်သွားတယ်လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းမာန် SHWEBO(LPDF)၊ MDF- Shwebo၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း (၄) - တပ်ခွဲ ၂၊ လျှပ်စီးမုန်တိုင်း၊ အောင်ဇေယျာ၊ Black Eagle၊ တိုက်နယ် ၅ ပကဖ နှင့် တိုက်နယ် ၂ ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

 

#ရွှေဘို #ထောက်ပို့စစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်ကောင်စီ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10