ထောက်ပို့ရထားနဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ ဗိုလ်မှူးတဦးအပါ ၈ ဦးသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်ကြားမှာ စစ်ကောင်စီထောက်ပို့ရထားနဲ့ စစ်တပ် အထိုင်ချ တပ်စွဲတဲ့နေရာတွေကို ဒေါင်းဖြူစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက် မနက် ၇ နာရီဝန်းကျင်က ကညွတ်ကွင်းနဲ့ တောကျွဲအင်းကြားမှာ စစ်ကောင်စီ ထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရထားတွဲ ၃ တွဲပျက်စီးခဲ့ကာ သေဆုံးမှုကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ၁၉ ရက် မနေ့က နေ့လယ် ၁ နာရီခွဲမှာတော့ တောကျွဲအင်းမြို့၊ အောင်သိဒ္ဓိရွာက ကပ်ကွင်းဘုန်းကြီးကျောင်း မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗိုလ်မှူး ၁ ဦးနဲ့ ဘော်ဒီဂတ် စစ်သားတဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁၉ ရက် ညနေ ၄ နာရီမှာတော့ အဆိုပါ တောကျွဲအင်း အထိုင်စခန်းကိုပဲ ဒေါင်းဖြူစစ်ကြောင်းက  ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ထောက်ပို့ရထားက စားနပ်ရိက္ခာရော လက်နက်တချို့ရော ပါတယ်လို့သိရတယ်၊ အလယ် ၃ တွဲ ပျက်ကျတယ်၊ ဒရုန်းနဲ့တိုက်ခိုက်တာမှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ သူ့ဘတ်စမန်းတကောင် သေလို့ လူနာတင်ကားနဲ့ ဆွဲထုတ်သွားတယ်၊ ၃ ပွင့်ဗိုလ်ထပ်ကြီးတယ်၊ ညနေ ယာယီစခန်းကို ဝင်ပစ်ပြီး ပြန်ဆုတ်တာ ၆ ကောင်ကျတယ်။" လို့ ဒေါင်းဖြူစစ်ကြောင်းအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

တိုက်ခိုက်မှု ၃ ကြိမ်အတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတဦးအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ထောက်ပို့ရထားတွဲ ၃ တွဲပျက်ကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်း ကညွတ်ကွင်းမြို့အရှေ့ဘက်မှာရှိတဲ့  ခမရ-၄၃၉ တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၂ ဦး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရခဲ့ပြီး ဒေါင်းဖြူစစ်ကြောင်းနဲ့ KNU က ကုသမှု ပေးထားတယ်လို့ သိရပါတယ်။

အခုလက်ရှိ ကညွတ်ကွင်း ခမရ-၄၃၉တပ်မှာ စစ်တိုင်းမှူးရောက်ရှိနေကာ စစ်တောင်းမြစ်တဝိုက်က ရွာတွေကို ဒရုန်းနဲ့ ကင်းထောက်တာတွေလုပ်နေပြီး ကညွတ်ကွင်းမြို့ အရှေ့နားက ရွာတချို့ကိုလည်း စစ်ကြောင်းထိုးထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်စွဲနေရာတွေ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်ကလည်း ဖြူးမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ တပ်စွဲထားတဲ့ နေရာ ၃ ခု တိုက်ခိုက်ခံရလို့  စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

 #ကျောက်တံခါး #ထောက်ပို့ရထား #မိုင်းဆွဲခံရ #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10