ထောက်ပို့လမ်းကြောင်းအတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကိုအသုံးပြုရန် စစ်ကောင်စီ ကြိုးပမ်း

ထောက်ပို့လမ်းကြောင်းအတွက် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကိုအသုံးပြုရန် စစ်ကောင်စီ ကြိုးပမ်း

အာဏာသိမ်းစစ်ကောင်စီက ၂ နှစ်နီးပါး ပိတ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို စစ်တပ်ထောက်ပို့ လမ်းကြောင်းအတွက် အသုံးပြုရန် ရထားပြန်လည်ပြေးဆွဲဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၈ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မုံရွာ နမခဌာနချုပ်ကို လာရောက်ချိန်ကတည်းက ရထားလမ်းတွေပြန်လည်ပြေးဆွဲဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး အခု ဇူလိုင်လထဲမှာ ရထားလမ်းရှင်းလင်းတာတွေ၊ မီးရထားစက်ခေါင်းပြင်ဆင်တာတွေ ပြုလုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဇွန်လထဲမှာလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်က စစ်ကိုင်း-ရွှေဘိုရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲဖို့ ပြောကြားထားတာရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

စစ်ကိုင်း-ရွှေဘို မီးရထားလမ်းပိုင်းကို စတင်ပြင်ဆင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

“စကစ က အင်အားသုံး အချိန်ယူပြီးလုပ်မှ ရမှာ။ ရထားလမ်းတလျှောက်က သံလမ်းတွေ၊ တံတားတချို့ ပျက်စီးနေတာကို နှစ်ချီနေပြီ” လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဟာ စစ်ကိုင်းမြို့က ရွာထောင်ဘူတာ ရထားလမ်းဘေးတွေကို သန့်ရှင်းရေးလုပ်နေပြီး စစ်တပ်အင်အားတွေ ထပ်တိုးပြီး လုပ်မယ့်သတင်းတွေလည်း ကြားနေရတယ်လို့ စစ်ကိုင်းမြို့ဒေသခံတဦးက ပြောပါတယ်။ 

“CDM တွေရော၊ ၀န်ထမ်းအိမ်ယာမှာ နေတဲ့သူမှန်သမျှ ရထားပြင်ထိန်းလုပ်မလို့ ဆွဲခေါ်‌နေတယ်။ အဓိက ရထားလမ်းကို ပြင်မှာပေါ့" လို့ သူက ပြောပါတယ်။

စစ်ကိုင်းမြို့က ရွာထောင်ဘူတာဟာ ရထားစက်ခေါင်းစက်ရုံနဲ့ အင်/ယာ ပြင်ထိန်းဌာနတွေရှိပြီး ရွာထောင်နယ်မြေရဲစခန်း၊ ဘူတာရဲစခန်းအပြင် တပ်မ ၃၃နဲ့ ခမရ ၁၃ တည်ရှိနေတဲ့အတွက် စစ်ကောင်စီ လှုပ်ရှားမှု အားကောင်းတဲ့ နယ်မြေတခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဇူလိုင် ၁၂ ရက် ဒီနေ့ မနက်ပိုင်းကလည်း ဝက်လက်မြို့တောင်ပိုင်းက မီးရထားလမ်းတလျှောက်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၅ ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွာထောင်ကနေ ရွှေဘိုအထိ မီးရထား‌ပြေးဆွဲမယ်ဆိုရင် ရွာထောင်၊ စာရေး၊ ပဒူ၊ ခက်ခ၊ ကန်ကြီးကုန်း၊ ပေါက်ကံ၊ သာလိုင်း၊ ရုံးသာ၊ ဝက်လက်၊ မုဆိုးခြုံ၊ ရွှေဘိုစတဲ့ ဘူတာတွေကို ဖြတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကတော့ ရွာထောင်-ရွှေဘိုမီးရထားလမ်းပိုင်းကို ရထားပြေးဆွဲမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ဟာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။ 

“လူစီးရထားမဆွဲဘဲ ထောက်ပို့သီးသန့်ဆွဲမယ်ဆိုရင်တော့ ရထားစထွက်ထဲက ဆုံးတဲ့နေရာထိ လုံခြုံရေး လိုက်ပေးနိုင်ရင်တော့ ပြေးလို့ရမယ်။ သံလမ်းခွဲရှိတဲ့ ဘူတာတွေက ဝန်ထမ်းရှိမှ (ရထား)ပြေးလို့ရမှာ၊ မဟုတ်ရင် လုံးဝ ပြေးလို့ မရဘူး။ ဝန်ထမ်းမထားရင်တော့ တနာရီကို ၁၀မိုင်နှုန်းလောက်နဲ့ နှေးနှေးလေးသွားရင်တော့ ရမယ်"လို့ စစ်ကိုင်းမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရထားရဲဝန်ထမ်းတချို့ကတော့ လမ်းရှင်းလင်းရေးအပိုင်းတွေမှာ တာဝန်ပေးခြင်းခံရမှာ ‌စိုးရိမ်နေကြပြီး CDMဝန်ထမ်းတွေအနေနဲ့လည်း Non CDMပြန်ဝင်ရင် လစာမဲ့ ၆လ လုပ်ကိုင်ပေးရမှာဖြစ်တယ်လို့လည်း ဝန်ထမ်းနဲ့ နီးစပ်သူတချို့က ဆိုပါတယ်။

အခုလို ရထားလမ်းတွေ ပြန်ဖွင့်ဖို့လုပ်နေတာဟာ တော်လှန်ရေးအဖွဲ့တွေကြား စိတ်ဝမ်းကွဲအောင် စစ်ကောင်စီက ဝါဒဖြန့်သဘောမျိုးလုပ်တာလည်း ဖြစ်နိုင်တဲ့အတွက် စောင့်ကြည့်ဖို့လိုအပ်ပြီး ခရီးသည်တင်ရထားတွေပါ ပြေးဆွဲမယ်ဆိုပါက ပြည်သူတွေအနေနဲ့ အန္တရာယ်မဖြစ်အောင် သတိထားရှောင်ကြဉ်ကြဖို့လည်း လိုအပ်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းဟာ ရွာထောင်၊ ကောလင်း၊ မိုးညှင်း၊ မြစ်ကြီးနားတို့မှာ မီးရထားစက်ခေါင်းပြင်စက်ရုံတွေတည်ရှိပြီး မန္တလေး၊ မြစ်ငယ်၊ သာစည်မြို့နယ်တွေမှာလည်း မီးရထားပြုပြင်ရေး စက်ရုံတွေ ရှိတယ်လို့ သိရပါတယ်။

ပုံစာ - စစ်တပ်အာဏာမသိမ်းခင်က ရွာထောင်ဘူတာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရွာထောင် #ရွှေဘို #မြစ်ကြီးနား #မီးရထား #စစ်ကောင်စီ  #ထောက်ပို့လမ်းကြောင်း #အသုံးပြုရန် #ကြိုးပမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10