ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခံထားရတဲ့ရဲဘော်တဦး စစ်ကြောရေးမှာရိုက်နှက်ခံရပြီး သေဆုံး

ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခံထားရတဲ့ရဲဘော်တဦး စစ်ကြောရေးမှာရိုက်နှက်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် ထောင်ဒဏ်နှစ် ၃၀ ကျော် ချမှတ်ခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် ရဲဘော်ကိုအောင်ကျော်ဇင် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တာဝန်ခံ ကိုသံမဏိက ပြောပါတယ်။

မတ် ၂၉ ရက်က သေဆုံးကြောင်းအတည်ပြုနိုင်တာဖြစ်ပြီး အဲ့ဒီရဲဘော်ဟာ မသေဆုံးခင်က ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံထားရပြီးဖြစ်ကာ တရားရင်ဆိုင်နေဆဲအမှု ၂ ခုလည်း ကျန်သေးတယ်လို့ ဆိုပါတယ်။

“ရှေ့နေက အောင်ကျော်ဇင် စစ်ကြောရေးမှာ ဆုံးသွားလို့ သူ့ဓာတ်ပုံလေး ပေးလိုက်ပါ။ ရက်လည် (ဆွမ်းသွပ်)ချင်လို့ဆိုပြီး လာတောင်းတာ၊ ရုပ်အလောင်းလည်း မမြင်ရသလို ပြန်လည်းမရပါဘူး။”လို့ မုံရွာခရိုင် တပ်ရင်း ၂၅ တာဝန်ခံ ကိုသံမဏိက ပြောပါတယ်။

မတ် ၂၇ ရက်က အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးကို ရဲတပ်သားတွေက ဝိုင်းဝန်းရိုက်နှက်နေတာကြောင့် ကိုအောင်ကျော်ဇင်နဲ့ ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့ ၂ ဦးက မရိုက်ဖို့ ဝင်ရောက်တားမြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တားမြစ်တာကြောင့် မတ် ၂၈ ရက်မှာ စခန်းမှူး ပြည့်လင်းအောင်နဲ့ ဒုဗိုလ် ကျော်ဝင်းထွန်းတို့က သူတို့ ၂ ဦးကို မြို့တော်ခန်းမစစ်ကြောရေးကို ပို့ဆောင်လိုက်တာဖြစ်ပြီး နောက်တနေ့မှာပဲ ကိုအောင်ကျော်ဇင် သေဆုံးသွားတာလို့ ဆိုပါတယ်။ 

ကိုအောင်ကျော်ဇင်ဟာ မြို့ပြပြောက်ကျားရဲဘော်အဖြစ် လှုပ်ရှားနေရင်း ၂၀၂၁ သြဂုတ်မှာ မြို့ပေါ်မစ်ရှင်တခုကအပြန် ဖမ်းဆီးခံခဲ့ရတာပါ။

ယခင်က မုံရွာထောင်မှာ အကျဉ်းချခံထားရတာဖြစ်ပေမယ့် ထောင်တွင်းလှုပ်ရှားမှုတခုမှာ ဦးဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ပြောင်းရွှေ့ခံထားရတာလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ကိုအောင်ကျော်ဇင်နဲ့အတူ စစ်ကြောရေးခေါ်ကာ ရိုက်နှက်ခံရတဲ့ ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အမှုတွဲတွေ ထပ်တပ်ကာ စစ်ကြောရေးကို ပြန်လည်ခေါ်ယူရိုက်နှက်တာတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်အထိ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံထားရသူ ၂၀၂၉၀ ဦးရှိပြီး အဲ့ဒီထဲက ၈၈၈၀ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ရဲဘော်ကိုအောင်ကျော်ဇင် ဓါတ်ပုံ။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #စစ်ကြောရေး #ရိုက်နှက်နှိပ်စက် #ရဲဘော် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10