သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ထောင်ဆိုတာက ကျန်းမာရေးစောင့်ရှောက်မှု အလွန်နိမ့်ပါးတဲ့နေရာပါ။ အောက်တိုဘာ ၇ ရက်နေ့နံနက်က ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့လို ပုဂ္ဂိုလ်မျိုးကိုဆို ပိုလို့တောင် ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာပါ။
နဂို မတရားဖမ်းဆီးစဉ်ကတည်းက ကျန်းမာရေးမကောင်းတဲ့သူဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့်လည်း စစ်အုပ်စုရဲ့ လူမဆန်မှုကတော့ ပြည်သူတွေသိကြတဲ့အတိုင်းပါပဲ။ ကျနော်တို့ အင်းစိန်ထောင်မှာ ရှိခဲ့စဉ်တုန်းကလည်း အဆောင်မှာ ဖျားကြ၊ နာကြပြီဆို ကိုယ့်နိုင်ငံရေးအကျဉ်းသားအချင်းချင်းပဲ ဖေးဖေးမမ ကူညီစောင့်ရှောက်ကြရတာပါပဲ။
အင်းစိန်အကျဉ်းထောင်မှာက အဆောင်တိုင်း အဆောင်ဆေးခန်းနဲ့ ဆေးမှူးထားရှိပါတယ်။ ဆေးမှူးဆိုတာတွေကလည်း ဆေးပညာတတ်မြောက်လို့ ဆေးပညာဗဟုသုတရှိလို့ ဆေးမှူးလုပ်ကြရတာ မဟုတ်ပါဘူး။ ပိုက်ဆံရှိတဲ့အကျဉ်းသားတွေက အဆောင်မှူးကို၊ ဒါမှမဟုတ် အခန်းလူကြီးကို ထောင်အခေါ် ဘောင်ချာရိုက် ပိုက်ဆံပေးပြီး အနေအစားချောင်အောင် လုပ်ကြတာတွေများပါတယ်။
ကျနော်တို့အဆောင်မှာကတော့ နိုင်ငံရေးအကျဉ်းသားဆရာဝန်တွေကို ထားကြပါတယ်။ ဘာလို့ဆို တခြားသူတွေကို ဆေးမှူးထားမယ်ဆိုရင် သူတို့ ပြဿနာတက်နိုင်တယ်ဆိုတာကို သိလို့ပါပဲ။
ကျနော်တို့ စရောက်တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်လောက်ကတည်းက ထောင်ဆေးရုံကနေ အဆောင်တွေကို ဆေးဝါးလုံလောက်အောင် မပေးနိုင်ပါဘူး။ ၁ လကို ၁ ကြိမ် ထောင်ဆေးရုံကနေ အဆောင်အလိုက် ဆေးခွဲတမ်းတွေပေးတာရှိပါတယ်။ တခါတလေ ၂ လ ၁ ကြိမ်လောက်၊ ၃ လ ၁ ကြိမ်လောက်မှ ပေးတာတွေလည်းရှိပါတယ်။
၂၀၂၃ ခုနှစ်ကို ရောက်တဲ့အချိန်မှာတော့ ထောင်ဆေးရုံက ဆေးခွဲတမ်းကို လုံးဝမပေးတော့ပါဘူး။ အဲ့လို ဆေးခွဲတမ်းမရတော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကပဲ ၁ လစာ ဆေးဝါးကို အဆောင်ဆေးခန်းကို လှူဒါန်းပေးကြရတာပါ။
နောက်ပြီး အဆောင်ဆေးခန်းအတွက် လိုအပ်တဲ့ နားကြပ်၊ သွေးပေါင်ချိန်တိုင်းကိရိယာမျိုးကိုဆိုလည်း နိုင်ငံရေးအကျဉ်းသားတွေကပဲ ဖြည့်ပေးကြရတာပါ။ ဆေးရုံကို တောင်းဖို့ဆိုတာကလည်း ဆေးတောင် လုံလောက်အောင် မပေးနိုင်ကြတာကို အားလုံးက သိထားကြတာမလို့ပါ။
အဲဒီအပေါ်မှာလည်း ကိုယ့်နိုင်ငံရေးအကျဉ်းသားတွေက ပြဿနာမရှိပေမယ့် အခြားပုဒ်မတွေနဲ့ ထောင်ကိုရောက်လာတဲ့ အကျဉ်းသားတွေအတွက် ပိုပြီးစာနာကြတာများပါတယ်။ ကိုယ့်နိုင်ငံရေးအကျဉ်းသားတွေက အိမ်ကပို့တဲ့ဆေးဝါးတွေကို အချင်းချင်း ဖေးမပြီးသုံးကြတာမလို့ပါ။ တချို့ နယ်ဝေးက အိမ်နဲ့ဆက်သွယ်ဖို့ခက်ခဲတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလွဲလို့ပေါ့။ ထောင်မှာက အကျဉ်းသားတယောက် အရေးပေါ်အခြေအနေဖြစ်ပြီဆိုရင်လည်း တကယ့်ကို မလွယ်ကူပါဘူး။ အရေးပေါ်အခြေအနေဖြစ်တာနဲ့ ချက်ချင်းဆေးရုံကို ခေါ်သွားတာမျိုးမရှိပါဘူး။ အနည်းဆုံး ၁ နာရီဝန်းကျင်စောင့်ဆိုင်းပြီး သူတို့အထက်အဆင့်ဆင့်သတင်းပို့ပြီးမှပဲ ဆေးရုံကို သွားခွင့်ရကြတာပါ။ ထောင်စကားနဲ့ပြောရရင် သေမယ့်သူဆို သေပြီးနေပြီပေါ့။
နောက်ပြီး ထောင်မှာ အကျဉ်းဦးစီးဌာနရဲ့ အဆောင်မှူးနဲ့ အခန်းလူကြီးတွေရဲ့ ဥာဏ်ရည်မမီတဲ့စကားတခု ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ နေမကောင်းရင် ကြိုပြောပါတဲ့၊ အရေးပေါ်အခြေအနေဆိုရင် ဆေးရုံကို ပို့ရတာ ခက်ခဲလို့ပါတဲ့လေ။
ထောင်မှာက အလွန်သေးငယ်တဲ့ အနာဒဏ်ရာတခုဖြစ်ရင်တောင် ပျောက်ကင်းဖို့က အပြင်မှာထက် ပိုပြီးအချိန်ကြာပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာ၊ အစားအစာ ရှားပါးတာ၊ အသီးအရွက်စားရဖို့ မလွယ်ကူတာတွေနဲ့ လူတယောက်ရဲ့အခြေခံလိုအပ်တဲ့ အာဟာရမရှိတော့ လူရဲ့ ခုခံအားတွေနည်းလာပြီး ရောဂါဖြစ်ဖို့အခွင့်ပိုများတာနဲ့ ဖြစ်လာတဲ့အနာရောဂါတွေ ပျောက်ကင်းဖို့ တကယ့်ကို ကြန့်ကြာတာပါ။
ဥပမာပြောရရင် ထောင်ထဲမှာ ၁ ပတ်လောက်ရှိအောင် မပျောက်ခဲ့တဲ့ ကုတ်ရာအနာသေးသေးလေးဟာ ထောင်ကလွတ်ပြီးနောက် ၂ ရက် ၃ ရက်နဲ့ ပျောက်တာကိုကြည့်ရင် ထောင်ရဲ့နေထိုင်ရမှုက တကယ့်ကို ဒုက္ခရောက်ကြရတာပါ။
နောက်တခုက ထောင်မှာ HIV Positive သမားတွေကိုလည်း ရောရောနှောနှောထားတာလည်းရှိပါတယ်။ တချို့ HIV Positive အကျဉ်းသားတွေက သူတို့ကိုယ်တိုင်ဂရုစိုက်ပြီး နေထိုင်ပေမယ့် တချို့ကျတော့ လက်လွတ်စပယ်နေကြတာတွေ ရှိပါတယ်။ တခါကဆိုရင် HIV Positive အကျဉ်းသား ၁ ဦးက အခြားအကျဉ်းသားတွေကို သူ့ရဲ့သွေးထွက်နေတဲ့အနာက အနာဖေးကိုခွါပြီး လိုက်တို့ပြီး စ,နောက်နေတာ တွေ့ခဲ့ရပါတယ်။
ဝမ်းချုပ်ကြတဲ့ပြဿနာ၊ တမံသလင်းပေါ်မှာအိပ်ရလို့ အအေးဒဏ်ခံရတဲ့ပြဿနာနဲ့ အသားဓာတ်နည်းပါးလို့ ဖောရောင်တဲ့ပြဿနာတွေက အဖြစ်အများဆုံးပါပဲ။ အအေးဒဏ်ခံရလို့ ချည့်နဲ့ပြီး လမ်းတောင်မလျှောက်နိုင်လို့ ဝှီးချဲနဲ့ ဆေးရုံကို သွားရတဲ့သူတွေလည်း မနည်းပါဘူး။ ၂ ပတ်ကို ၁ ခါပဲ ပို့ခွင့်ရတဲ့ ထောင်ပါဆယ်က လုံလောက်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။
အင်းစိန်ထောင်ပါဆယ်လက်ခံဌာန အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ပါဆယ်လက်ခံမှုကလည်း မူမမှန်ပါဘူး။ မူမမှန်ဘူးလို့ ပြောရတာက ဘာလို့လဲဆိုရင် ဒီတခေါက်ထောင်ဝင်စာပါဆယ်မှာ ဒီပစ္စည်းပို့လို့ရပေမယ့်လည်း နောက်တခေါက်မှာဆို အဲ့ဒီပစ္စည်းက ပို့ခွင့်မရတာတွေရှိပါတယ်။ ဆေးဝါးနဲ့ပတ်သက်ရင်လည်း အတော့်ကို တင်းကျပ်ပါတယ်။ ရိုးရိုးဖျားနာပျောက်ဆေးမျိုးကိုလည်း ပို့လို့ရတဲ့အခါ ပို့လို့ရပြီး ပို့လို့မရတဲ့အခါလည်း ပို့မရပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေက ကိုယ့်အိမ်ကို ပါဆယ်မှာကြရင် ကိုယ့်အတွက်တင်မဟုတ် ဘဝတူနိုင်ငံရေးအကျဉ်းသားတွေအတွက်လည်း လိုအပ်တဲ့ ဆေးဝါးတွေကို မှာပေးကြပါတယ်။ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာ၊ မလိုအပ်ဘဲ အခြားရောဂါပိုးတွေဝင်ရောက်မှာကို စိုးရိမ်တာနဲ့ ကူးစက်ရောဂါလိုမျိုးကို မဖြစ်စေချင်တာနဲ့ ဆေးဝါးတွေ မှာကြပါတယ်။
ပိုးသတ်ဆေးလို အနေအထားမျိုးဆို မှာရတာ ပိုပြီးဆိုးဝါးလှပါတယ်။ ပါဆယ်မှာ ပိုးသတ်ဆေး ပို့ခွင့်ရတယ်ဆိုတဲ့ အရေအတွက်က ခပ်ရှားရှားပါ။ ထောင်မှာက တိကျသေချာပြီး ခေတ်နဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမယ့် ဥပဒေကန့်သတ်ချက်မျိုး မရှိပါဘူး။
ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေအပေါ်ကနေ ဘယ်လို ငွေကြေးဆိုင်ရာအကျိုးအမြတ် ရမလဲဆိုတာတွေကိုပဲ အကျဉ်းဦးစီးဌာနက ကြည့်တာပါ။
နောက်တခုက ထောင်မှာ ဘာပဲလုပ်လုပ် အကျဉ်းသားတွေရဲ့ ပိုက်ဆံနဲ့ပဲ လုပ်ကြတာပါ။ အဆောင်မှာရှိတဲ့ ရေသန့်စက်ကိုလည်း နိုင်ငံရေးအကျဉ်းသားတဦးရဲ့ သိန်း ၄၀ ကျော်နဲ့ မတည်ပြီး အခြားနိုင်ငံရေးအကျဉ်းသားတွေ ထည့်ဝင်ငွေတွေနဲ့ တည်ဆောက်ထားတာပါ။ အကျဉ်းဦးစီးရဲ့ အလုံးစုံတည်ဆောက်ပေးမှုဆိုတာ မရှိပါဘူး။ ကျနော်တို့အဆောင်ရှေ့က အဆောင်ဆိုရင် သူတို့အဆောင်မှာ ရေသန့်စက်မရှိလို့ 20 liter ရေသန့်ဘူးကြီးတွေနဲ့ နေ့စဉ် ကျနော်တို့အဆောင်ကနေ လာဖြည့်ရတာပါ။ အဲ့ဒီရေဘူးတွေကလည်း အဆောင်က အခန်းအလိုက် အကျဉ်းသားတွေရဲ့ထည့်ဝင်ငွေနဲ့ ဝယ်ထားတဲ့ ရေသန့်ဘူးတွေပါပဲ။
ထောင်ထမင်းနဲ့ ထောင်ဟင်းဆိုတာကလည်း တကယ့်ကို ဖြစ်သလို ကျွေးတာပါပဲ။ ၁ ပတ်ကို ၃ ရက် အသားဟင်းကျွေးတယ်ဆိုပေမယ့်လည်း အသားဟင်းက မည်ကာမတ္တ အသားဟင်းပါပဲ။ အသားဟင်းက ၁ ပတ်ကို ညနေပိုင်းစာပဲ ၃ ရက်ပေးတာပါ။ တနင်္ဂနွေဆို ကြက်ဥ ၁ လုံး၊ တနင်္လာဆို တာလပေါဟင်း၊ အင်္ဂါဆို ငါးဟင်း၊ ဗုဒ္ဓဟူးဆိုရင် ကြက်သားဟင်း၊ သောကြာနေ့ဆို ငါးဟင်း၊ စနေနေ့ဆို တာလပေါဟင်း၊ အဲ့လိုကျွေးမွေးမှုပုံစံပါ။
ငါးဟင်း၊ ကြက်သားဟင်းဆိုလို့ အထင်မကြီးပါနဲ့။ ရေလုံပြုတ်ငါးနဲ့ ရေလုံပြုတ်ကြက်သားပါ။ ဒီအတိုင်းစားဖို့ဆို တကယ့်ကို မလွယ်ကူတဲ့ အနေအထားပုံစံပါ။ ကိုယ့်အိမ်က ပါဆယ်ပို့တဲ့ဟင်းတွေနဲ့ ဈေးဘားက မှာလို့ရတဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီတို့နဲ့ သုပ်စားကြရတာပါ။ အဲ့ဒီတော့ ထောင်ရဲ့ သောက်သုံးရေပုံစံ၊ ကျွေးမွေးမှုပုံစံ၊ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံတွေနဲ့ဆို ကိုယ်ခံအားနည်းပါးသူတွေ နဂိုရောဂါအခံရှိသူတွေအတွက်ကတော့ တကယ့်ကို မလွယ်ကူတဲ့အနေအထားတခုပါ။
ထောင်ရဲ့လက်သုံးစကားနဲ့ အဆုံးသတ်ရရင်တော့ ထောင်မှာ လူတယောက်သေတယ်ဆိုတာ စာရွက်တရွက်ပဲ ကုန်တယ်လို့ ပြောစမှတ်ရှိပါတယ်။ တကယ်လို့များ အခန်းတခန်းထဲက အကျဉ်းသားတယောက်ယောက်များ သေသွားတယ်ဆိုရင်လည်း အဲ့ဒီသေဆုံးသူရဲ့ နာရေးကုန်ကျစရိတ်ကို အခန်းလူကြီးက ကျခံရတာပါ။
အခန်းလူကြီးက ကျခံရတယ်ဆိုပေမယ့်လည်း အဲ့ဒါကို အခန်းသားတွေကပဲ စုပြီးပေးလိုက်ရတာပါပဲ။ ဒါကတော့ ထောင်ရဲ့ အကြမ်းဖျဉ်းပုံစံအနေအထားပါ။ နောက်များမှာလည်း ထောင်ရဲ့ နေထိုင်မှုပုံစံတွေကို အလျဉ်းသင့်သလို ရေးသားပါဦးမယ်။ ခုတော့ ဒီလောက်ပါပဲ။
ရေးသားသူ - ဒီအာဘို
#မြေလတ်အသံ
#အတွေးအမြင် #ဆောင်းပါး #အကျဉ်းထောင် #ကျန်းမာရေး
Share Share Share