ထောင် နှင့် နိုင်ငံတော် (အတွေးအမြင်)

ထောင် နှင့် နိုင်ငံတော် (အတွေးအမြင်)

သီတင်းကျွတ်ဆိုတော့ ထောင်အခေါ်  နိုင်ငံတော်၊ အပြင်က ပြည်သူတွေသိထားကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ထောင်ထဲမှာ အတော့်ကို လူပြောများနေလောက်ပြီပေါ့။ ထောင်မှာက အကျဉ်းသားတဦးရဲ့ အမျှော်လင့်ဆုံး အတောင့်တဆုံး ဖြစ်ချင်မှုဆိုတာ နိုင်ငံတော်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အကျဉ်းထောင်ထဲ ကျခံရတဲ့ပြစ်ဒဏ်အပြည့်မနေထိုင်ရဘဲ လွတ်မြောက်နိုင်ဖို့ပါ။ 

ထောင်ရဲ့နေထိုင်ရမှုပုံစံက ဒီပတ်ဝန်းကျင်၊ ဒီလူတွေနဲ့ပဲ အနည်းငယ်သောအကျယ်အဝန်းအဝိုင်းထဲ နေ့စဉ်ငြီးငွေ့ဖွယ် ဖြတ်သန်းနေရတော့ နိုင်ငံတော်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မြင့်မားစွာမျှော်လင့်ချက်ထားကြတာ မမှားပါဘူး။ တရက်တရက် ဒီအဝန်းအဝိုင်းကြီးထဲပဲ လည်ပတ်နေရတော့ နေ့ရက်တွေဟာ ထပ်နေပြီး ဘယ်နေ့မှန်းမသိ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ခံစားကြရပါတယ်။ 

ဒါကြောင့်လည်း အဆိုတော် အောင်လ က “ရန်ကုန်မြို့ရဲ့အဝိုင်းကြီးထဲ” ဆိုပြီး သိပ်မကြာခင်တုန်းက သီချင်း တပုဒ် သီဆိုခဲ့တာတွေ့ရမှာပါ။ တကယ့်ကို ရန်ကုန်မြို့ရဲ့ အဝိုင်းကြီးပါပဲ။ 

အကျဉ်းသားတဦးရဲ့ နေ့စဉ်ဖြတ်သန်းရတဲ့ပုံစံမှာ သတ်မှတ်ထားတဲ့အချိန် အိပ်ရာထ၊ သတ်မှတ်ထားသလိုနေ၊ သတ်မှတ်ထားတဲ့နေရာပဲသွား ဆိုတဲ့ နေ့စဉ်လူမှုဘဝဖြတ်သန်းမှုမှာ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့လုပ်ဆောင်လို့ရတာက ၁ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းကတော့ အကျဉ်းဦးစီးဌာနရဲ့ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေ၊ ဦးစီးမှူး၊ အဆောင်မှုး၊ ဝန်ထမ်းနဲ့ အကျဉ်းသားအရာရှိဆိုတဲ့သူတွေရဲ့ ပါးစပ်ထဲက စိတ်ကူးပေါက်သလို လျှောက်ထုတ်တဲ့ ဥပဒေသတွေကို လိုက်နာနေကြရတာ ဖြစ်ပါတယ်။ 

ဘယ်လို ခိုင်းစေပြောဆိုမှုမျိုး၊ အမိန့်မျိုးကိုမဆို ပြန်လည်ပြောဆိုခွင့်မရှိ၊ ပြန်လည်ငြင်းဆိုခွင့်မရှိ၊ ကြောင်းကျိုးညီညွတ်စွာပြန်လည်ဆွေးနွေးခွင့်မရှိနဲ့မို့လို့ ဝါရင့်အကျဉ်းသားတဦးက “လူ လူချင်း တခြမ်းရှုံးတယ်” လို့ ပြောစမှတ်ရှိပါတယ်။ 

လူတယောက်ရဲ့ လူ့ဂုဏ်သိက္ခာဆိုတာ ထောင်ထဲမှာ လုံးဝနီးနီး မရရှိတဲ့အရာတခုပါ။ ဒါကြောင့်လည်း ဘယ်လိုအကျဉ်းသားကမှ မနေချင်တာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ချင်ကြတာ ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှရေးဆိုတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် ပြစ်ဒဏ်ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက်က ပိုလို့တောင် ခံရခက်တဲ့ စိတ်အခြေအနေတွေနဲ့မို့လို့ နေထိုင်ရတာ တကယ် မလွယ်ကူပါဘူး။ ကျနော်တို့ နေထိုင်ခဲ့ရတဲ့ ကာလအတွင်းမှာကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ၇ ကြိမ်လောက် ကြေညာပေးတာကို ကြုံခဲ့ဖူးပါတယ်။ ကျနော်တို့ကတော့ ကံကောင်းစွာနဲ့ပဲ တကြိမ် တခါမှ မပါရှိခဲ့ပါဘူး။ 

ကျနော်တို့ အင်းစိန်ထောင်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ပထမဆုံးကြုံခဲ့ရတဲ့နိုင်ငံတော်(ခေါ်) လွတ်ငြိမ်းချမ်းသာခွင့်ကတော့ ကျနော်တို့အဆောင်ကနေ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းသားတဦးတည်းသာ လွတ်မြောက်သွားတာပါ။ သူကတော့ လူရွှင်တော် ဦးဆင်မ ဖြစ်ပါတယ်။ သူတဦးတည်းသာ လွတ်မြောက်သွားခဲ့ပြီး ကျန်တဲ့အခြားပုဒ်မ ခိုးမှု၊ လုယက်မှုတို့သာ အများအပြားလွတ်မြောက်သွားတာပါ။ ဒါကတော့ ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတော်အတွေ့အကြုံပေါ့။ 

ကျနော်တို့လည်း ထောင်ပါးမဝသေးတော့ ခဏနဲ့ပြန်လွတ်မြောက်ချင်တဲ့စိတ်ခံစားမှုတွေနဲ့ ထမင်းမစားနိုင်တာ တနေ့လုံးပါပဲ။ အပြင်က သက်ဆိုင်ရာမိသားစုဝင်တွေကလည်း ဒီလိုနိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး သတင်းကိုကြားကြရင် အဲဒီနေ့မှာ အကျဉ်းထောင်ရှေ့ လာစောင့်ကြတာ ဒုနဲ့ဒေးပါပဲ။ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဆိုရာမှာ ၂၀၂၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တုန်းက ပေးသွားတဲ့ နိုင်ငံတော်ကတော့ ကျနော်တို့ ခံစားခဲ့ရတာထက် အဆများစွာပိုပြီးခံစားခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိခဲ့ပါတယ်။ 

အဲ့ဒီတုန်းက နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်က တဆောင်လုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ငါးရာကျော်လွတ်မြောက်သွားခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာ ကျန်ရှိခဲ့တာပါ။ အဲ့ဒီ့ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးဟာ ၂၀၂၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ကနေ မလွတ်လိုက်တာ ၂၀၂၃ ခုနှစ်အထိ သူတို့ပြစ်ဒဏ်ကို အပြည့်အဝနေထိုင်သွားရပြီးနောက်မှ လွတ်မြောက်သွားခဲ့ကြတာပါ။ အဲ့ဒီကျန်ခဲ့တဲ့ အကျဉ်းသားတဦးရဲ့ပြောပုံအရဆို လွတ်မြောက်ဖို့ သူတို့အမည်ခေါ်ကာနီးမှ အင်းစိန်အကျဉ်းထောင်ဦးစီးမှူးက နောက်နေ့မင်းတို့ကိုလာခေါ်လိမ့်မယ်ပြောဆိုပြီး ကျန်ရစ်ခဲ့ကြရတာဖြစ်ပါတယ်။ အဲ့ဒီတုန်းကဆို သုံးရက်လောက်တောင် ထမင်းမစားနိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကိုလည်း ကျနော်တို့ ရောက်ရှိပြီး နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်မှာတခါမှ မပါခဲ့တော့ တကယ့်ကို ကိုယ်ချင်းစာမိပါတယ်။ 

ထောင်မှာက အကျဉ်းသားတွေမှာ စားတွဲဆိုတဲ့ အခေါ်အဝေါ်ရှိပါတယ်။ စားတွဲဆိုတာက ဘာနဲ့အလားသဏ္ဌာန်တူမလဲဆိုရင် ဟိုးရှေးယခင် မြန်မာဘုရင်များလက်ထက်က စစ်တိုက်ဖို့အတွက် အိုးစားဖက်ကို လိုက်ရှာတယ်ဆိုတာနဲ့ အလားသဏ္ဌာန်တူပါတယ်။ 

ထောင်မှာက တယောက်တည်း ထမင်းစားဖို့ မလွယ်ကူပါဘူး။ အကျဉ်းသားတွေဟာ အခန်းတခုချင်းစီရဲ့ သက်ဆိုင်ရာအလုပ်တွေလုပ်ကြရတာ၊ လုပ်အားပေးလို့ခေါ်တဲ့ ထောင်ရဲ့တချို့အလုပ်တွေမှာ ခေါ်ယူခိုင်းစေခြင်းခံရတာမျိုး ရှိတဲ့အတွက် ထမင်းဝေတဲ့အချိန်တွေမှာ တန်းစီပြီး ထမင်းယူဆောင်ထားဖို့နဲ့  အိမ်ကပို့တဲ့ပါဆယ်မှာပါလာတဲ့ ဟင်းတွေကို ဒီတိုင်းစားလို့ မဖြစ်နိုင်တာမလို့ ထမင်းစားဖို့ စားလို့ဝင်အောင် ပြင်ဆင်ကြရတာတွေရှိလို့ စားတွဲဆိုတာကို တွဲကြတာပါ။ 

ထောင်ထမင်းဝေချိန်မှာ ထမင်းတန်းစီယူမထားရင် အဲ့ဒီအကျဉ်းသားက ထမင်းစားရဖို့ မလွယ်ကူပါဘူး။ ကိုယ်ကအခန်းအပြင်ထွက်ပြီး အလုပ်လုပ်နေရချိန်မှာ ကိုယ့်ရဲ့စားတွဲထဲမှာ ကျန်တဲ့သူတွေက အဆိုပါ ထမင်းဝေတဲ့အချိန် ထမင်းယူထားဖို့နဲ့ ဟင်းစီစဉ်ဖို့ဆိုတာတွေကို ခွဲဝေလုပ်ပေးနိုင်တာမလို့ပါ။ 

ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကတော့ နိုင်ငံရေးအကျဉ်းသားအချင်းချင်းသာ စားတွဲ တွဲကြတာများပါတယ်။ ကိုယ်နဲ့နေထိုင်ရာ မြို့နယ်တူ နိုင်ငံရေးအကျဉ်းသား ထောင်အခေါ် အပိုင်စားတွေ၊ ကိုယ့်အမှုတွဲတွေ၊  ကိုယ်နဲ့စကားပြောလို့ကောင်းတဲ့ စကားပြောဖက်တွေလိုမျိုး ကိုယ်နဲ့အဆင်ပြေရာ တွဲဖက်စားသောက်ကြပါတယ်။  

နောက်တမျိုးက နယ်အဝေးကနေ ပါဆယ်မလာရောက်နိုင်တဲ့သူတွေကိုလည်း အတူစားသောက်ဖို့ တွဲကြတာတွေလည်းရှိပါတယ်။ စားတွဲဆိုတာက တကယ့်ကို ကိုယ့်ရဲ့လူမှုရေး၊ စီးပွားရေး၊ အတွင်းရေးအထိ ရင်းနှီးကျွမ်းဝင်မှုရှိကြတယ်လို့ ဘယ်သူမှမပြောရဘဲ ထောင်မှာသက်မှတ်ထားသလို ရှိကြပါတယ်။ 

အဲ့လို ကိုယ့်ကိုယ်ပိုင်စားတွဲကနေ နိုင်ငံတော်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပါသွားပြီဆိုရင် အဲ့ဒီစားတွဲက ကျန်ခဲ့တဲ့သူတွေရဲ့စိတ်က တရက်၊ နှစ်ရက်လောက် တကယ့်ကို ယောင်တောင်တောင်ဖြစ်ကြပါတယ်။ စကားပြောဖော်မရှိသလို နေ့စဉ် ၂၄ နာရီနီးပါးအတူရှိတဲ့သူက ကိုယ့်အနားကနေ မရှိသလိုဖြစ်သွားတော့ သံယောဇဉ်နဲ့ ခင်မင်မှုနဲ့ဆိုတော့ အတော်များများဖြစ်ကြပါတယ်။ အပြင်မှာဆိုရင်တောင် ၁ ရက်ကို ၂၄ နာရီအတူရှိဖို့မလွယ်ကူတာမို့ ထောင်ထဲမှာကြတော့ ဒီအခန်းထဲ ဒီဒုက္ခတွင်းထဲအတူ ရုန်းကန်ကြရတော့ ပိုပြီး သံယောဇဉ်ဖြစ်တာလည်း ပါကြမှာပေါ့။

တခါကဆို စားတွဲရှိတဲ့ ခြောက်ယောက်မှာ နိုင်ငံတော် ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ကို ငါးယောက်ပါပြီး တယောက်တည်း ကျန်ခဲ့တဲ့သူတွေတောင်ရှိပါတယ်။ သူ့လိုလူမျိုးဆို တကယ့်ကို ခံစားရခက်တဲ့အခြေအနေပါပဲ။ ဘာလိုလို့ လိုမှန်းမသိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ နှစ်ရက် သုံးရက်လောက်ကိုဖြစ်သွားတာပါ။ 

ကျနော်တို့ဆိုလည်း ကိုယ်နဲ့ စာအုပ်ဖတ်ဖော်ဖတ်ဘက်၊ နိုင်ငံရေး လူမှုရေး ဆွေးနွေးဖော် ဆွေးနွေးဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေ လွတ်မြောက်သွားတုန်းကဆို လူက ဖျားချင်သလိုလိုနဲ့ကို ဝမ်းနည်းကြရပါတယ်။ တပတ်လောက်အထိကို ဘယ်သူနဲ့မှ စကားမပြောချင်၊ စာလည်းမဖတ်ချင်နဲ့ ယောင်တောင်တောင် ဖြစ်ခဲ့ရတာပါ။ 

ဒီလို သီတင်းကျွတ်နားနီးဆိုလို့ကတော့ နိုင်ငံတော်ခေါ် လွတ်ငြိမ်းချမ်းသာခွင့် သတင်းပေါင်းစုံကို အဆောင်မှာ စကြားရလာပါပြီ။ ထောင်ဝင်စာ ဧည့်တွေ့ကနေ လာတွေ့တဲ့မိသားစုကပြောတာတွေ၊ အပြင်တရားရုံးမှာ သွားရောက် အမှုရင်ဆိုင်ရတဲ့ အချုပ်သားတွေနဲ့ တချို့သောထောင်သမ္ဘာကြီးတွေရဲ့ သတင်းစကားတွေနဲ့ နိုင်ငံတော် ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတတ်တဲ့ အချိန်တိုင်းမှာ ထောင်အခေါ် "ရေသတင်း" ဆိုတာတွေကို အများအားဖြင့် ကြားရတတ်ကြပါတယ်။ 

ရေသတင်း ဆိုတာက ထောင်အခေါ်ပေါ့။ တကယ်က ရေလောင်းတယ်လို့လည်း ခေါ်ကြပါတယ်။ ရေလောင်းတယ်ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့်ကို ဘယ်လိုပေးမှာ၊ အကျဉ်းသားဘယ်နှစ်ဦးကိုပေးမှာနဲ့ ပြစ်ဒဏ်ရဲ့ လေးပုံတပုံ (ထောင်အခေါ် လေးဗို့ တဗို့)ခံစားခွင့်တို့ ခြောက်ပုံတပုံ (ထောင်အခေါ် ခြောက်ဗို့ တဗို့) ခံစားခွင့်တို့ စသဖြင့်နဲ့ ပြောကြဆိုကြသံတွေ အရမ်းများလာပြီဆို ရေသတင်းလို့ခေါ်ကြပါတယ်။ 

နောက်ထပ်ရေသတင်းတမျိုးကတော့ အပြင်က တော်လှန်ရေးသတင်းပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေက ဘယ်မြို့ကို သိမ်းသွားပြီတို့ ၊ ကုလသမဂ္ဂနဲ့ အီးယူတို့က စစ်အုပ်စုကို ဘယ်လိုဖိအားပေးလိုက်ပြီ ဘယ်လိုအရေးယူလိုက်ပြီဆိုတဲ့ ထောင်အခေါ် ဗီတာမင် အားဆေးသတင်းတွေပေါ့။ ထောင်မှာက သတင်းအချက်အလက်ရဖို့မလွယ်ကူကြတော့ ဒီလိုပဲ ရတဲ့သတင်းကောင်းလေးတွေနဲ့ပဲ ကိုယ့်ဘာသာတွေးယူပြီး အားယူရှေ့ဆက်ကြရတာပါ။ ဒီလိုမျှော်လင့်ချက်လေးတွေနဲ့ပဲ တရက်ချင်းရှေ့ဆက်ဖို့ အားမွေးရင်း တရက်ပြီးတရက် ကုန်ဆုံးကြရတာပေါ့။ 

ထောင်ထဲက တရက် နှစ်ဆယ့်လေးနာရီက အပြင်လောကရဲ့ တရက် နှစ်ဆယ့်လေးနာရီထက်ပိုပြီး ကြာတယ်လို့ ခံစားကြရပါတယ်။ အပြင်မှာကျတော့ ကိုယ့်ရဲ့လုပ်ချင်တဲ့စိတ်ဆန္ဒအသေးအမွှားလေးတွေကအစ ကိုယ်တိုင်လုပ်ဆောင်လို့ရပါတယ်။ ထောင်ထဲမှာကျတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ အခြားသူရဲ့စိတ်ဆန္ဒဆိုသလိုမျိုး နေထိုင်ကုန်ဆုံးကြရတော့ တရက် တရက်က တကယ့်ကို ပိုပြီးကြာရှည်တယ်လို့ခံစားကြရပါတယ်။ 

တချို့ ထောင်ဒဏ်နှစ်တွေအများကြီးကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆို သူတို့အတွက် စိတ်ဓာတ်ခွန်အားပေးဖို့နဲ့ အကျဉ်းထောင်ထဲ နေထိုင်ရမှုမှာ သက်တောင့်သက်သာဖြစ်နေစေဖို့ အထူးလိုအပ်လှပါတယ်။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေမှာ အများအပြားကြုံကြရတာကတော့ အပြင်မှာကျန်ရစ်ခဲ့ကြတဲ့ ချစ်သူ၊ ရည်းစား၊ လင်ယောက်ျား၊ မိန်းမ စသဖြင့်ရဲ့ လူမှုရေးပြဿနာတွေ၊ မိသားစုရဲ့စီးပွါးရေးပြဿနာတွေပဲဖြစ်ပါတယ်။ ထောင်ထဲရောက်နေတဲ့ ချစ်သူရည်းစား လင်ယောက်ျား (သို့) အမျိုးသမီးကို မဆက်သွယ်တော့တာ၊ စီးပွါးရေးအဆင်မပြေလို့ ထောင်ဝင်စာပါဆယ်မပို့တော့တာတွေနဲ့ ထောင်ထဲရောက်သူတွေကိုထားရစ်ပြတ်ဆဲကြတာတွေကတော့ တကယ့်ကို အများကြီးပါ။ 

နောက်တမျိုးကတော့ မိဘတဦးဦး ဆုံးပါးကွယ်လွန်ကြခြင်းတွေပါ။ ဒီလိုမျိုးအခြေအနေကို ကြုံတွေ့ရပြီဆိုရင် ထောင်ထဲကအကျဉ်းသားအနေနဲ့ တကယ့်ကို အရုပ်ကြိုးပြတ် ဖြစ်နိုင်ချေအများကြီးပါ။ ထောင်ထဲကနေ ဘာကိုမှ ပြောဆိုခွင့်မရ၊ ဆက်သွယ်ပြောကြားခွင့်မရနဲ့ လူက မနည်းအားတင်းထားတဲ့စိတ်တွေနဲ့ ရှေ့ဆက်နေကြတော့ အချိန်မရွေး စိတ်ဓာတ်ပြိုကျသွားနိုင်ပါတယ်။ အဲ့လိုအချိန်ဆို တဦးကနေတဦး အားပေးနှစ်သိမ့်ပေးရင်း ဖြတ်သန်းကြရတာပါပဲ။ 

နိုင်ငံတော် ခေါ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ရဲဝန်ထမ်းတွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ငွေကြေးတောင်းရမ်းမှုတွေလည်း အများကြီးရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါမယ်ဆိုကာ လိမ်လည်ပြီး ငွေကြေးတောင်းခံတာတွေဟာ တကယ့်ကိုရှိတာတွေပါပဲ။ အခုထိလည်း ရှိနေဆဲပါ။

နောက်တခုက နိုင်ငံတော်လွတ်ငြိမ်းချမ်သာခွင့်တွေမှာ အများဆုံးလွတ်မြောက်ကြတာကတော့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေဖြစ်ပါတယ်။ ကျနော်တို့ အင်းစိန်ထောင်ကို စရောက်စဉ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားကြတဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက် တချို့ဆိုရင် သိပ်မကြာခင်မှာပဲ နောက်ထပ်ပြစ်ဒဏ်ကျူးလွန်လို့ ထောင်ထဲပြန်ရောက်လာကြတာ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်ပြန်လုပ်ရင်း လူသတ်မိလို့ လူသတ်မှုနဲ့ပြန်လည်ရောက်ရှိလာတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း သူတို့အတွက်ကတော့ ဒါမျိုးက သိပ်မထူးဆန်းတော့သလိုပါပဲ။ သူတို့အတွက်ကျတော့ ထောင်မှာ သူတို့အခေါ် အပတ်အသက်တွေ၊ အပိုင်စားတွေက အခန်းလူကြီး၊ စည်းကမ်းထိန်း စသဖြင့်နဲ့ ထောင်မှာနေရာ ရနေကြတော့ သူတို့အတွက်က အနေအစားချောင်တာ၊ အခြားအကျဉ်းသားတွေအပေါ်ဖိနှိပ်ပြပြီး သူတို့နေရာတခုရဖို့ လုပ်တဲ့နည်းလမ်းတွေကို ကျွမ်းကျင်ပြီးသားဖြစ်နေတော့ ထောင်ထဲပြန်ဝင်ရတာတွေက အေးအေးဆေးဆေးဖြစ်နေသလိုပါပဲ။ 

နောက်ထပ်ကြုံရတာကတော့ လောင်းကစားမှုနဲ့ထောင်ဒဏ် ၁ နှစ်ကျပြီး အခန်းထဲ ၁၅ ရက်ပြည့်အောင်တောင် မနေခဲ့ရဘဲ လွတ်မြောက်သွားကြသူတွေလည်း အများကြီးပါ။ နိုင်ငံရေးအကျဉ်းသားတွေအတွက်ကတော့ ရာခိုင်နှုန်းအားဖြင့်နည်းပါးစွာပဲ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိကြပါတယ်။ 

စစ်အုပ်စုက နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတာ သူတို့အတွက် တစုံတခုသောအကျိုးအမြတ် အတွက် အသုံးချနေမှုပါပဲ။ နိုင်ငံရေးအကျဉ်းသားအနည်းငယ်ကိုအလွှတ်ပြပြီး သူတို့အပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအား အကျပ်အတည်းတွေကို လျော့ပါးစေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ 

ဥပမာအနေနဲ့ပြောရရင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သက်တမ်းတလျှောက် တကြိမ်တခါမှ မကြားဖူးတဲ့ မပေးဖူးတဲ့ “ပြစ်ဒဏ်ကျခံရန် ကျန်ရှိသောနှစ်များရဲ့ခြောက်ပုံတပုံ ခံစားခွင့်” လိုမျိုးကို  စစ်အုပ်စုက ၂၀၂၄ ခုနှစ်ရဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပေးသွားတာကြည့်ရင် သိနိုင်ပါတယ်။ ဒါတောင်ကိုမှ များစွာသော နိုင်ငံရေးပုဒ်မတွေကို ချန်ရစ်ခဲ့ပြီး ခံစားခွင့် မပေးခဲ့ပါဘူး။ စေတနာရှိလို့ လူသားချင်း စာနာထောက်ထားလို့ဆိုတာတွေက နားထောင်ကောင်းအောင် ရေးသားထားတဲ့ အပေါ်ယံတွေပါ။ 

တခန်းထဲအတူနေပြီး နိုင်ငံရေးပုဒ်မ မတူလို့ ပြစ်ဒဏ်အနည်းငယ်ပဲကျတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စောလျင်စွာလွတ်မြောက်သွားကြတဲ့အခါမှာ ထောင်ဒဏ်နှစ်ရှည်ချခံရလို့ ကျန်ရှိနေခဲ့ရတဲ့ နှစ်ကြီးနိုင်ငံရေးအကျဉ်းသားတွေဟာ တဖြည်းဖြည်း အဖော်မဲ့လာတဲ့ခံစားချက်တွေနဲ့ သူတို့ရဲ့အကျဉ်းသားဘဝကိုဖြတ်သန်းနေကြရပါတယ်။ ဒီလိုဖြတ်သန်းနေကြရတဲ့ နွေဦးတော်လှန်ရေးရဲ့နိုင်ငံရေးအကျဉ်းသားတွေဟာ မြန်မာနိုင်ငံရဲ့အကျဉ်းထောင်အသီးသီးမှာ ခုချိန်ထိကို အများအပြားကျန်ရှိနေပါသေးတယ်။ 

အဲ့ဒီတော့ နွေဦးတော်လှန်ရေးထဲ ပါဝင်မှုပုံသဏ္ဌာန်မျိုးစုံ၊ အဖြစ်အပျက်မျိုးစုံ နဲ့ စစ်ကောင်စီလက်အောက်က အကျဉ်းထောင်တွေထဲမှာ ပြဿနာပေါင်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေကြရတဲ့၊ လူသားတယောက်ရဲ့အခြေခံရပိုင်ခွင့်ဖြစ်တဲ့ အလိုအပ်ဆုံးဖြစ်တဲ့ လွတ်လပ်ခွင့်ကို လက်လွတ်ဆုံးရှုံးထားရတဲ့ နွေဦးတော်လှန်ရေးအကျဉ်းသားတွေရဲ့ဘဝကို မေ့မပစ်ကြဘဲ စိတ်ဓာတ်ခွန်အား ဘဝခွန်အားများ ပေးဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ - ဒီအာဘို

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #အကျဉ်းထောင် #လွတ်ငြိမ်းခွင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10