ထောင်ပြင်ထုတ် ရိုက်နှက်ခံရတဲ့ နိုင်/ကျဉ်းတွေ ဆေးကုခွင့်မရဘဲ တိုက်ပိတ်ခံထားရ

ထောင်ပြင်ထုတ် ရိုက်နှက်ခံရတဲ့ နိုင်/ကျဉ်းတွေ ဆေးကုခွင့်မရဘဲ တိုက်ပိတ်ခံထားရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အကျဉ်းထောင်ကနေ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီး စစ်ကြောရေးလုပ်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကို အကျဉ်းထောင်ကိုပြန်လည်ပို့ဆောင်ကာ တိုက်ပိတ်ထားတဲ့အပြင် ဆေးကုသခွင့်လည်းမပြုဘူးလို့ သိရပါတယ်။ 

မေလ ၂၁ ကနေ ၂၄ ရက်အထိ စစ်ကောင်စီတပ်က အကျဉ်းထောင်အပြင်ကို အင်အားသုံးခေါ်ထုတ်သွားကာ ရိုက်နှက်မေးမြန်းတာတွေလုပ်ခဲ့ပြီးနောက် စစ်ကြောရေးလုပ်ဆောင်စဉ် ဒဏ်ရာအပြင်းအထန်ရရှိသူတွေလည်းရှိနေကာ အဲ့ဒီနိုင်ကျဉ်းတွေမှာ  ဆေးကုသခွင့်မရကြဘူးလို့ ဆိုပါတယ်။

“စစ်ကြောရေးမှာ နောက်ဆုံးကျန်ခဲ့တဲ့ ၆ ယောက်က စုတ်ပြတ်သတ်နေတာပဲ။ ခြေထောက်ကိုပါ ဓားတွေနဲ့မွှန်းထားတယ်လို့ သိရတယ်။ ကလေး(နိုင်ကျဉ်း)တယောက်ကတော့ ကိုယ်တိုင်လမ်းမလျှောက် နိုင်တော့လို့ တွဲကိုဝင်ရတယ်လို့ ကြားထားတယ်။ ပြန်ရောက်တဲ့ရက်တော့အတိအကျမသိရဘူး။ ထောင်ထဲရောက်ရောက်ချင်းပဲ အဆောင်ကိုပြန်မပို့ဘဲ သီးသန့်ထားပြီး တိုက်ပိတ်လိုက်တာ” လို့ ထောင်တွင်းနီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုသက်မောင်မောင်၊ ကိုဇော်လှိုင်း၊ ကိုမင်းသွေး၊ ကိုစိုး ရာဇာ၊ ကိုကျော်မင်းနိုင်တို့အပါအဝင်  ၁၃ ဦး ကို စစ်ကောင်စီတပ်က ခေါ်ထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အဲ့ဒီထဲက  ကိုစိုးရာဇာနဲ့ ကိုကျော်မင်းနိုင် တို့ ၂ဦးကတော့ ဒဏ်ရာရရှိမှုအများဆုံးဖြစ်ကာ စိုးရိမ်ရတဲ့ အခြေအနေလို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်ရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်  ဆေးကုသခွင့်တောင်းခံပေမယ့် လက်ရှိချိန်ထိ ဆေးဝါးကုသမှုမပေးတဲ့အပြင် ရရှိဒဏ်ရာတွေကို တခြားအကျဉ်းသားတွေမြင်မှာစိုးရိမ်လို့ ထောင်အတွင်းပြန်သွင်းချိန်မှာ အကျဉ်းထောင်ကိုတန်းပိတ်ပြီးမှ နိုင်ကျဉ်းတွေကို တိုက်ပိတ်ထားတာလို့ ပြောပါတယ်။  

ဒါ့အပြင် ပဲခူးတိုင်း၊ ကျိုက်စကောအကျဉ်းထောင်မှာလည်း ပြစ်ဒဏ်ချမှတ်ခံရပြီးသား နိုင်ငံရေးအကျဉ်း သား ၃ ဦးကို မေလ ၂၅  ရက်နေ့မှာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက် ၃ ရက်အကြာမှာ  ပဲခူး ပကဖလေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။


စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မြင်းခြံထောင် #နိုင်ကျဉ်း #စစ်ကြောခံရ #ဒဏ်ရာရရှိ #ဆေးကုသခွင့် #အကျဉ်းသားအခွင့်အရေး #ချိုးဖောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10