ထောင်ပြောင်းရွှေ့စဉ် နိုင်/ကျဉ်း ၇ ဦး သေနတ်နဲ့ပစ်သတ်ခံရ၊ ဒဏ်ရာရသူတွေလည်း ဆေးကုခွင့်မရ

ထောင်ပြောင်းရွှေ့စဉ် နိုင်/ကျဉ်း ၇ ဦး သေနတ်နဲ့ပစ်သတ်ခံရ၊ ဒဏ်ရာရသူတွေလည်း ဆေးကုခွင့်မရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဉ်းထောင်ကနေ ထောင်ပြောင်းရွှေ့ဖို့အတွက်ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ခေါ်ထုတ်သွားကာ အဲ့ဒီထဲက ၇ဦး သတ်ဖြတ်ခံလိုက်ရသလို အပြင်းအထန် ဒဏ်ရာရသူတွေလည်း ဆေးကုသခွင့် မရကြဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကတဆင့် သိရပါတယ်။

 

ဇွန် ၂၈ ရက်က သာယာဝတီထောင်နဲ့ အင်းစိန်ထောင်ကို ပြောင်းရွှေ့ရမယ်ဆိုကာ ခေါ်ထုတ်သွားတာဖြစ်ပြီး ဇူလိုင် ၇ရက် မနေ့ကမှ မိသားစုဝင်တွေဆီကို သေဆုံးကြောင်း အကြောင်းကြားလာတာဖြစ်ပါတယ်။

 

“တချို့အိမ်တွေနဲ့ ရှေ့နေတွေက သေ‌ဆုံးကြောင်း အတည်ပြုပေးတယ်။ ၇ ဦးစလုံး အတည်ပြုချက်ယူထား‌ပြီးပြီ။ သူတို့က အစောပိုင်းထဲက စစ်ကြောရေးအခေါ်ခံရပြီး ရိုက်နှက်ခံထားရတဲ့သူတွေ။ စစ်ကြောရေးက ပြန်ပို့ပြီး တလလောက်လည်းနေရော ထောင်ရွှေ့မယ်ဆိုပြီး ခေါ်သွားတာ။ ပြီးတော့ ကွယ်လွန်သွားတယ်ပေါ့”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ထောင်ပြောင်းရွေ့စဉ် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့သူတွေဟာ ကိုအောင်သူရလှိုင် (၅၀၅၊ ၅၁၊ ၅၄၊ ဖောက်ခွဲ ၃)၊ ကိုဂျာကြီး (၅၀၅၊ ၅၀၊ ၅၄)၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်ဝေထွန်း (၅၀၅၊ ၅၁ ဂ၊ ၅၂ က)၊ ကိုအောင်မျိုးသူ (၅၀၅၊ ၅၀ ည၊ ၅၁၊ ၅၂၊ ၅၃)၊ ကိုပြည့်ဖြိုးအောင် (၅၀၅ က၊ ၅၁) တို့ ဖြစ်ကြပါတယ်။ 

 

စစ်ကောင်စီဘက်ကတော့ ထောင်ပြောင်းရွှေ့စဉ် လမ်းတဝက်မှာ အချုပ်ကားမှောက်သွားတဲ့အတွက် အကျဉ်းသားတွေ ထွက်ပြေးမှာ စိုးရိမ်ပြီး ခြောက်လှန့်ပစ်ခတ်ချိန် ကျည်ထိမှန်သေဆုံးသွားတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

တခြားပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အင်းစိန်ထောင်မှာ ရောက်နေတယ်လို့ ကနဦးသိထားရပြီး ဒဏ်ရာအပြင်းအထန်ရထားကြကာ ဆေးကုသခွင့် မရကြဘူးလို့ ဆိုပါတယ်။

 

မေ ၂၅ ရက်က  ကျိုက်စကောထောင်ထဲကနေ  နိုင်ငံရေးအကျဉ်းသား ၂၀ ဝန်းကျင်ကို ထောင်ပြင်ခေါ်ထုတ်ကာ စစ်ကြောရေးပို့ခဲ့ပြီး အဲ့ဒီလူတွေထဲမှာ အခုပစ်သတ်ခံလိုက်ရတဲ့ ၇ ဦစလုံး ပါဝင်တယ်လို့လည်း သိရပါတယ်။

 

ပြီးခဲ့တဲ့ မေ ၂၈ရက်ကလည်း ထောင်ပြင်ခေါ်ထုတ် စစ်ဆေးခံရချိန် အသက် ၃၀ နှစ်ဝန်းကျင် ပဲခူးပကဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်း ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စစ်ကောင်စီကတော့ အပူရှပ်ပြီး သေဆုံးတာလို့ ပြောဆိုထားပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ကျိုက်စကောအကျဉ်းထောင် #နိုင်ကျဉ်း #ပစ်သတ် #သေဆုံး #ဒဏ်ရာရ #ဆေးကုသခွင့်မရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10