သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီတပ်သား ၁ ဦး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီမှာ ဒီဇင်ဘာလအတွင်း အလင်းဝင် လာခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ခံဆီက သိရပါတယ်။
၂၀၁၈ က ကချင်ပြည်နယ်၊ ကာမိုင်းမြို့မှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ တပ်မ ၃၃ လက်အောက် နည်းဗျူဟာ ၃၃၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလင်းဝင်လာသူ စစ်ကောင်စီတပ်သားဟာ ၂၀၁၉ မှာ တပ်ကထွက်ခွင့်တောင်းခဲ့ပေမယ့် ထွက်ခွင့်မပြုလို့ တပ်က နေထွက်ပြေး လာခဲ့ပါတယ်။
ပြန်ဖမ်းမိရင်ထောင်ကျခံမယ်ဆိုတဲ့ အတွေးနဲ့ ၂၀၁၉ ကတည်းက ရန်ကုန်မှာ တပ်ပြေးအဖြစ်နဲ့ရှိနေခဲ့ပြီး စစ်အာဏာသိမ်းမှုဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့သူ ၁ ဦးဖြစ်တယ်လို့ ဝက်လက်ပကဖ တာဝန်ရှိသူ ကိုအလင်းရောင်က ပြောပါတယ်။
"၂၀၂၃ ၊ ၈ လပိုင်းလောက်မှာ ရန်ကုန်မှာ သူက တပ်ပြေးအနေနဲ့ အဖမ်းခံလိုက်ရတာ။ အာဏာစသိမ်းတော့လည်း သူက တပ်ထဲမှာ မဟုတ်ဘူး။ ဆန္ဒပြတာတွေမှာ လိုက်လာတယ်။" လို့ ပြောပါတယ်။
ပြန်ဖမ်းခံရချိန်မှာ တပ်ပြေးဖြစ်တဲ့အတွက် ထောင်ကျခံမယ်လို့ ပြောပေမယ့် စစ်တပ်က လက်မခံဘဲ အရင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာမိုင်းစခန်းကို ပြန်ပို့ခဲ့ကြတာလို့ သူ့ရဲ့ပြောပြချက်ကို ဝက်လက်ပကဖတာဝန်ရှိသူက ပြန်ပြောပြပါတယ်။
၂၀၂၄ နိုဝင်ဘာမှာ ကာမိုင်းရှေ့တန်းစခန်းကို ပြန်ရောက်ကာ မိုးကောင်း၊ မြစ်ကြီးနားဘက်သို့ စစ်ဆင်ရေး နှစ်ကြိမ်ထွက်ခဲ့ရပြီးနောက် မကြာခင် ကာမိုင်းစခန်းမှ ထပ်ပြီး ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုထွက်ပြေးလာစဥ် စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်မှာ ပြန်အဖမ်းခံရမှာကို စိုးရိမ်ပြီး ဝက်လက်မြို့နယ် လမ်းဘေးတနေရာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်တပ်သားကို စစ်ဆေးပြီးတဲ့အခါ မိသားစုကို ခေါ်ချင်တယ်ပြောတဲ့အတွက် မိသားစုဝင်တွေကိုပါ ဆက်သွယ်ကာ ခေါ်ထုတ်ပေးခဲ့တယ်လို့ ကိုအလင်းရောင်က ပြောပါတယ်။
အခုလက်ရှိ မိသားစုနဲ့အတူ စားဝတ်နေရေးပါ ထောက်ပံ့စောင့်ရှောက်ထားပြီး တကိုယ်ရည်အသုံးအဆောင် ပစ္စည်းတွေလည်း ဝယ်ယူပေးထားသလို ထိန်းသိမ်းထားတဲ့နယ်မြေအတွင်းမှာလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားကြောင်းနဲ့ လူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးမပြီးမချင်း အိမ်မပြန်သေးဘဲ မိသားစုနဲ့အတူ ကူညီလုပ်ကိုင်ရင်း ဆက်ပြီးနေထိုင်သွားဖို့ ဆန္ဒရှိကြောင်းအလင်းဝင်လာသူက ပြောကြားထားတယ်လို့ သိရပါတယ်။
ဝက်လက်ပကဖဆီကို အလင်းဝင်လာသူ စုစုပေါင်း ၄ ဦးထိရှိထားပြီး နောက်ထပ်ဝင်လာမယ့်သူတွေကိုလည်း ကြိုဆိုတယ်လို့ ဝက်လက်ပကဖ တာဝန်ရှိသူ ကိုအလင်းရောင်က ပြောပါတယ်။
"နောက်ထပ်ဝင်မယ့်သူတွေကိုလည်း ဝက်လက်ပကဖက လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပါမယ်။ ပြည်သူ့ဘက်က ရပ်တည်မယ်ဆိုရင် အချိန်မရွေး အလင်းဝင်ခွင့်ပြုပါတယ်" လို့ သူက ဆက်ပြောပါတယ်။
သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကောင်စီ #ဝက်လက် #အလင်းဝင် #ကာမိုင်းမြို့ #PDF
Share Share Share