သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
(စစ်ကြောရေးနှင့် ထောင်တွင်းအတွေ့အကြုံဆောင်းပါး)
မျှော်လင့်ထားသည်များ ရောက်မလာခင် မမျှော်လင့်ထားသည်များက ကြိုတင်ရောက်နှင့်လာတတ်သည်မှာ လောကဓံဟု ဆိုရပေမည်။ သည်နေရာ သည်ဌာနမျိုးကို ဟိုယခင်အခါက မိတ်ဆွေအချို့ရောက်သွားဖူးသောကြောင့် ရံခါ ဧည့်တွေ့သွားတာ၊ ရံခါ လွတ်မြောက်၍ သွားကြိုဖူးတာလောက်သာ ရောက်ဖူးပါသည်။ အခုတော့ ကိုယ်တိုင် ရောက်ဖူးခဲ့ရပြီကော။
ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးရန်အကြောင်းဆုံလာသည့် အကြောင်းရင်းကတော့ အဓမ္မမှုကို မကြိုက်သော၊ တော်လှန်လိုသော ဓမ္မဘက်တော်သားဖြစ်ချင်သည့် စိတ်ရင်းအခံကြောင့်ဟုပင် ဆိုရမည်ဖြစ်၏။ "လူ့အဖွဲ့အစည်းရဲ့ ပဓာနတာဝန်ဆိုတာ တရားမျှတမှုဖြစ်တယ်" ဟု ပြောခဲ့သည့် အမေရိကန်နိုင်ငံရေးသမား အလက်ဇန္ဒါးဟမ္မင်တန်၏ စကားရပ်ကိုပင် သတိရမိသေးတော့သည်။
×××××××××××
မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ဆန္ဒပြုမှုတွေကို စစ်တပ်က အပြင်းအထန်ဖြိုခွဲမှုတွေ စတင်လာသော ၂၀၂၁ နွေဦးတော်လှန်ရေး စပြီး၂ လဝန်းကျင်လောက်မှာ လမ်းပေါ်ထွက်ဆန္ဒပြနေစဥ် ဖြိုခွဲဖမ်းဆီးခြင်းခံရသူတွေထဲက တယောက် ဖြစ်ခဲ့ဖူးသည်။ ဖမ်းဆီးခံရပြီး စစ်ကြောရေးကို ရောက်ခဲ့သည်။ ရွှေပြည်သာစစ်ကြောရေး၌ ရင်တထိတ်ထိတ်နှင့် နေခဲ့ရသည့် နှစ်ညအိပ် သုံးရက်ခရီး၏ ပင်ပန်းဆင်းရဲခဲ့ရမှုသည် နှစ်ကမ္ဘာလောက် ကြာလှပါသည်။ ထို့ထက်ပိုမိုဆိုး ကြောင့်ကျရသည်ကတော့ ညည ခေါင်းစွပ်စွပ်ကာ တယောက်ချင်း သီးသန့်စစ်ဆေးတာမျိုးကို သူ့ခေါ်မလား ငါ့ခေါ်မလား စိုးရိမ်နေရသောစိတ်ပင် ဖြစ်၏။
သို့မို့ကြောင့်လည်း ပုဒ်မ ၅၀၅-က၏ အမြင့်ဆုံးပြစ်ဒဏ် (၃) နှစ်ပင်ကျခံရစေဦးတော့ စစ်ကြောရေးထက် ပိုဆိုးမည်ဟု မထင်သော ထောင်သို့သာလျှင် ပြောင်းရွေ့ရောက်ချင်စိတ်ဇောကြီးနေမိ၏။ ပိုးသတ်ဆေး ကလိုရင်းနံ့ တထောင်းထောင်းကို ရှူရင်းသောက်ရသည့်ရေကိုလည်း မသောက်ချင်တော့ပေ။ အာဟာရပါသည်မထင်သော တစေ့ချင်းလွင့်နေသည့် ထမင်းနှင့် ကျပ်ပြားဝိုင်းသာသာလောက်သာရှိမည့် မည်ကာမတ္တ ကြက်သားဟင်းကိုလည်း စားချင်စိတ်နည်းနည်းမျှပင် မရှိတော့ပေ။ ရေကောင်းကောင်းချိုးရရန် မဆိုထားနှင့် မျက်နှာခြေလက်သန့်စင်မှုမျှပင် ကောင်းကောင်းမလုပ်ခဲ့ရ၍ နံစော်နေသော ခန္ဓာနှင့် နှစ်ညမျှ အိပ်ကောင်းခြင်း မအိပ်ခဲ့ရ၍ ညစ်နွမ်းမှိုင်းရီနေသော စိတ်ပါ ပေါင်းစပ်ထားသည့် ပုံပန်းသဏ္ဌာန်ကို မိမိကိုယ်တိုင်ပင် ဘယ့်လောက်စိတ်ပျက်စရာကောင်းနေမည်ကို ခန့်မှန်းမကြည့်နိုင်အောင် ဖြစ်ရ၏။
အားလုံးသည် မိမိနာမည်ခေါ်လိုက်သည်နှင့် လက်ထောင်ကာ ဖခင်အမည်အော်ပြောရန်သာ စိတ်ဝင်စားနေသည်။ ပြန်လွှတ်မည့်စာရင်းဖြစ်ဖြစ်၊ အင်းစိန်ထောင်ပို့မည့်စာရင်းဖြစ်ဖြစ် စိတ်မဝင်စားနိုင်ပေ။ သည်နေရာသည်ဌာနကနေ အမြန်ဆုံးထွက်ခွာခွင့်ရမည့်အရေးကိုသာ စိတ်ဝင်စားနေကြ၏။ လူသားစာနာစိတ် အလျဥ်းမျှပင် ရှိပုံမရသည့် ဤနေရာ၌ မိနစ်ပိုင်း စက္ကန့်ပိုင်းပင် မနေလိုတော့ပေ။ လာခေါ်မည့် ကားပြာကြီးကိုသာလျှင် မျှော်နေမိကြလေသည်။ သည်နေရာက လွတ်မြောက်မှ အသက်ရှင်နိုင်မည်၊ အသက်ရှင်နေအုံးမှ အာဏာရှင်ကို အမြစ်ဖြတ်ရန် ဆက်တိုက်နိုင်မည် မဟုတ်ပါလား။
×××××××××××××
ကားပြာကြီး ၃ စီးသည် အမှတ် ၄ လမ်းမကြီးအတိုင်း ရွှေပြည်သာမြို့နယ်အပိုင်ဖြစ်သည့် ပန်းခြံစု၊ ဇီးကုန်း စသည့်ရပ်ကွက်များကို ဖြတ်သန်းလာခဲ့၏။ တရွေ့ရွေ့နှင့် အင်းစိန်မြို့နယ်အစပ်ဖြစ်သည့် တညင်းကုန်းလမ်းစုံမီးပွိုင့်ကို တည့်တည့်ဖြတ်ကျော်လိုက်သည်။ အောက်မင်ဂလာဒုံလမ်းမကြီးအတိုင်း မောင်းနှင်လာပြီး အောင်ဆန်း၊ စဥ့်ငူ၊ ဖော့ကန် စသည့် ရပ်ကွက်များကို ဖြတ်ကျော်လာသည်။ လွန်ခဲ့သည့်ရက်များက လမ်းမကြီးကို ဖြတ်လျက်ပိတ်ဆို့ထားပြီး ဖော့ကန်တဝိုက်မှာ နေ့စဥ်ရက်ဆက်ပြုလုပ်ခဲ့သော အထိုင်သပိတ်စခန်းလည်း မတွေ့ရတော့ပေ။ အဖြိုခွဲခံလိုက်ရပြီ ထင်၏။ သြော် ပြင်ပလောကနှင့် သတင်းကွင်းဆက်တွေ ပြတ်တောက်ခဲ့တာ သုံးရက်မျှ ရှိသွားခဲ့ပြီကို သတိရလိုက်မိသည်။
အင်းစိန်အကျဥ်းထောင်ထဲကို ဘုရင့်နောင်လမ်းမကြီးဘက်ခြမ်း၊ ရွာမအနောက် မင်းစေတီအနီးက ဝင်ပေါက်မှ ဝင်လာခဲ့ကြသည်။ မိန်းဂျေးဘူးဝကိုကျော်ဖြတ်ကာ သီးသန့်ထောင်၏ဘူးဝတွင် အချုပ်ကားများကို ရပ်လိုက်ပြီး တကားချင်းစီ ဆင်းခိုင်းသည်။ ထောင်ထဲသွင်းသည့် အချုပ်သားများကို ရေတွက်သော ထောင်ဝန်ထမ်း(ဝါဒါ)၏အသံ "တ" "နှစ်" "သုံး" "လေး" စသည်ကို စကြားဖူးရသည်။
စာရင်းသွင်းမှတ်တမ်းယူရန် မိန်းဂျေး(ရုံးခန်း) ဘေးမှာ ငါးယောက်တတန်း ပုံစံထိုင်ရတော့ စစ်ကြောရေးကပုံစံအတိုင်း လက်ကလေးတွေ ခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်မိကြသည်။ စစ်ကြောရေးကပုံစံအတိုင်းထိုင်ရန် မလိုကြောင်း၊ ရိုးရိုးတန်းတန်းပဲ ဖင်ချထိုင်လို့ရကြောင်း ထောင်ဝန်ထမ်းက ပြောသည်။ စစ်ကြောရေးမှာကဲ့သို့ လူမဆန်စွာ ပြုမူဆက်ဆံခံရခြင်းများ ပြေလျော့သွားသည်ဟု ရုတ်တရက် ထင်မြင်ယူဆလိုက်မိသည်။ တဆက်တည်းမှာပဲ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ စသဖြင့် မေးမြန်းစဥ် အချိုးမပြေ ပုံစံမကျသည့်သူမျိုးကို တွေ့လျှင်တော့ဖြင့် ငါနှင့်ကိုင်တုပ်တော့သည်။ "မင်းတို့ကောင်တွေ စစ်ကြောရေးနဲ့ပဲ တန်တယ်၊ ဟိုမှာကျတော့ အပိုးကိုကျိုးလို့" ဆိုသည့်စကားမျိုးကို အဆဲလေးပါ ထည့်ပြောတာ ကြားရသည်။ သိပ်မထူးလှသည့် "သည်ပုတ်ထဲက သည်ပဲ" ပဲ ထွက်နိုင်သည်ကို ကြိုတွေးထားရပေတော့မည်။
××××××××××××××
နေရမည့်အဆောင်ဆီသို့ နှစ်ယောက်တတွဲ ယှဥ်လျှောက်ပြီး ဝင်လာစဥ်မှာ ရောက်နှင့်ပြီးသော စီနီယာ ၅၀၅-ကများက လက်ပြနှုတ်ဆက်ကြိုဆိုကြသည်။ အချို့ကလည်း လက်သုံးချောင်းထောင်ကာ ရဲဘော်ရဲဘက်တွေကို တွေ့ရသည့်နှယ် ဝမ်းသာအယ်လဲ နှုတ်ဆက်ကြ၏။
ကနဦးရောက်ရှိနေသူများက အသစ်ရောက်လာသူတွေထဲမှာ အသိမိတ်ဆွေများ ပါလာလေမည်လားကို စိုးတထိတ်ထိတ်နှင့် ရှာဖွေကြရသေးသည်။ မပါလျှင် ကောင်းသည်က တစိတ်၊ ပါလာလျှင်လည်း သွားပွတ်တံ သွားတိုက်ဆေးလို အရေးတကြီး လိုအပ်တာကအစ ကူညီရန်ဆိုတာကတစိတ်ဖြင့် ဖြစ်ကြပါ၏။ အချို့ကလည်း မိမိနှင့်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အဝတ်တထည် ကိုယ်တခုနှင့် ထောင်ကိုရောက်လာဖူးပြီးကြသည့် ဘဝတူချင်းအပေါ်မှာ စာနာကာ ကော်ဖီမစ်လေး၊ စွပ်ကျယ်လေး၊ လုံချည်လေး စသဖြင့် တတ်နိုင်သလောက် မျှတပေးကမ်းကြသည်။ တော်လှန်ရေးမှာ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်ခဲ့ကြပြီး ထောင်ထဲရောက်လာစဥ်မှာ အတွေ့အကြုံချင်း မတူကြသော်ငြားလည်း ယုံကြည်ချက်ချင်း တူကြသည့် ဘဝတူ ရဲဘော်ရဲဘက်ချင်းအပေါ်မှာ ထားကြသော စိတ်သန္တာန်သည် တုနှိုင်းမရအောင် လှပနေလေ၏။ ထိုစိတ်သည်ပင် ကြုံရမည့် လောကဓံအတွက် အားဆေးတခွက် ဖြစ်နေပါသည်။
ကိုယ်နေရမည့်အခန်းထဲရောက်သည်နှင့် အိပ်ရစားရမည့်နေရာမှာ ထောင်ကပေးသည့် စောင်လေးတထည်ကိုချပြီး ရေချိုးရန် ပြင်ကြရတော့သည်။ လူလူသူသူ ရေမချိုးခဲ့ကြရသည်မှာ ၂ ရက်ကျော် ၃ ရက်မြောက်ပြီ မဟုတ်ပါလား။ မတ်လ ၃ ရက်နေ့ကတည်းက ရောက်နှင့်နေကြသည့် မိတ်ဆွေတချို့က အင်္ကျီနှင့်လုံချည်လာပေးကြသည်။ သို့မို့ကြောင့် မလျှော်မဖွပ်ရဘဲ သုံးရက်ဆက်တိုက်ဝတ်ထားသည့် အဝတ်များကို လျှော်ဖွပ်သည်။ ၆ ပေ x ၃၀ ပေ လောက်ကျယ်ဝန်းသည့် ရေကန်ထဲကရေကို ဘေးလူဆီက ရေခွက်ခဏငှားပြီး တဗွမ်းဗွမ်းနှင့် အားပါးတရ ခပ်ချိုးရသည်မှာ တကယ့်အရသာပင်။ ရေတနပ်ကို ကောင်းကောင်းမွန်မွန် အားရပါးရ ချိုးလိုက်ရသည်နှင့် လူ၏စိတ်ကိုပါ တက်ကြွရွှင်လန်းသွားစေခဲ့ပါသည်။ နံရံနှစ်ထပ်၊ သံဆူးကြိုးနှစ်ထပ်ကြားရှိ ၁၀ လက်မမျှထူပြီး သော့အတန်တန်ခတ်ထားသည့် ထောင်ဟူသော အဆောက်အအုံထဲမှာ ရင်ဆိုင်ဖြတ်သန်းရဦးမည့် ဒုက္ခများစွာအတွက် အဆင်သင့်ဖြစ်ပြီဟု ကြွေးကြော်လိုက်သည်နှင့်လည်း တူသည်။
စစ်ကြောစခန်းများကနေ ထာဝရ မပြန်နိုင်ခြင်းနှင့် ဘဝမကူးဖြစ်ရင်ဘဲ ကံထူးပြီဟု မျှော်လင့်စိတ်ဖြင့် ထောင်တွင်းဖြတ်သန်းမှုကိုပဲ ဦးတည်လိုက်ရပြီ ဖြစ်၏။
ဆောင်းပါးရှင် - ကိုလူမိုဃ်း
#မြေလတ်အသံ