ဒဏ်ရာနဲ့ တရက်ကြာပျောက်နေတဲ့ အသေခံတပ်ကြပ်ကြီးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာနဲ့ အိုင့်မရွာအကြားမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ရင်း စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ အသေခံ တပ်ကြပ်ကြီးကို ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့က အသေခံအထူးတပ်သားတွေထဲက CDM တပ်ကြပ်ကြီးဟာ စက်တင်ဘာ ၁၆ ရက်က အင်မထီးဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲမှာ ကျည်ထိမှန်ကာ ရန်သူမသိနိုင်တဲ့ တနေရာမှာ ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့တွေက အဲ့ဒီစစ်ကောင်စီစစ်ကြောင်း ပြန်အထွက်မှာ ကြားဖြတ်တိုက်ခိုက်ရင်း ပျောက်ဆုံးတပ်ကြပ်ကြီးကို တွေ့ရှိကာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

"မနေ့က တိုက်ပွဲမှာ ပျောက်သွားတာ။ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး ရဲဘော်ကို ပြန်လည်ကယ်ထုတ်နိုင်လိုက်တယ်။ ရဲဘော်က ကျည်မှန်ထားတယ်။ ရန်သူမသိနိုင်တဲ့ နေရာတခုမှာ ပုန်းအောင်းနေတာ။ ရန်သူ့ရဲ့လမ်းကြောင်းကို ကျနော်တို့ ဖြတ်တိုက်တော့ တပ်ကြပ်ကြီးကို တွေ့ရပြီး ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်။" လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်က အသေခံတပ်ကြပ်ကြီး ပျောက်နေတာနဲ့ပတ်သက်ပြီး သတင်းပေါက်သွားတဲ့အတွက် စစ်အုပ်စုဘက်က တိုက်ပွဲဖြစ်ရာနေရာတဝိုက်ကို ပတ်ပတ်လည်ဝိုင်းထားခဲ့တဲ့အတွက် စက်တင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်း သူတို့ပြန်အထွက်လမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာလို့ ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၄ ဦးထိခိုက်ဒဏ်ရာရကာ ဒီနေ့တိုက်ပွဲမှာလည်း ဒဏ်ရာရသူတွေ များတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ဇီးဖြူကုန်းရွာက ပျူစောထီးအပါအဝင် စစ်ကြောင်း ၂ ကြောင်းပေါင်းအင်အား ၂၀၀ ဝန်းကျင်နဲ့  ဇီးဖြူကုန်းရွာထဲမှာ ရောက်နေတယ်လို့  သခင်ဒေါင်းညိုက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #ထိခိုက် #PDF #ရုပ်သံသတင်း #တိုက်ပွဲသတင်း #အသေခံတပ်ကြပ်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10