ဒဏ်ရာရသူတွေကို လိုက်ပို့တဲ့ ခလရ  ၂၅၁  စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာက ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  ပခုက္ကူကိုလိုက်ပို့နေတဲ့ အင်အား ၈၀ ကျော်ပါ ခလရ ၂၅၁  စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းကစပြီး ညနေပိုင်းအထိ တွင်းမရွာကနေ ညောင်ဂျစ်ပင်လမ်းတလျှောက်သွားနေတဲ့ အဲဒီစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မနက် ၅ နာရီကနေ ညနေ ၄ နာရီ ၄၀ မိနစ်အထိချခဲ့တာ။ ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံးချခဲ့တာ၊ ကျနော်တို့ကြားတာက ၄ ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်။” လို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

လက်တလောမှာ အဲဒီစစ်ကြောင်းဟာ ညောင်ဂျစ်‌ပင်ရွာမှာရှိနေပြီး မြိုင်ဘက်ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းဖို့ကြံနေတယ်လို့လည်း သူကဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ပခုက္ကူခရိုင် တပ်ရင်း  ၁၀ ၊ DMG ဓါးမင်းကြီးအဖွဲ့ ၊ Black Cobra |Pku Thurain အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကလည်း မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာကို မီးရှို့နေတဲ့ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း ၃ ရင်းက စစ်သားတွေကို  မြိုင်မြို့နယ် ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#မြိုင် #ခလရ၂၅၁ #ဒရုန်း #မြိုင်ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10