ဒရုန်းဗုံးသီး PDF တွေဆီမကျဘဲ ပြန်ပါသွားလို့ စစ်အုပ်စုဘက်က ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ

ဒရုန်းဗုံးသီး PDF တွေဆီမကျဘဲ ပြန်ပါသွားလို့ စစ်အုပ်စုဘက်က ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာမှာ ဒရုန်းဗုံးသီးပြုတ်ကျလို့ စစ်ကောင်တပ်သားနဲ့ပျူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီဗုံးသီးဟာ စစ်ကောင်စီဘက်က လွှတ်လိုက်တဲ့ ဒရုန်းမှာပါတဲ့ဗုံးသီးဖြစ်ကာ သူတို့သွားချတဲ့ရွာကိုမကျဘဲ ဗုံးသီးပြန်ပါလာပြီး သူတို့ဆီ ပြန်အရောက်မှာ ပြုတ်ကျပြီးကွဲသွားတာကြောင့် အခုလိုသေဆုံးဒဏ်ရာရကြတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"သူတို့က ဒီဘက်ကို ဒရော့ဗုံး(Drop Bomb) ချနေတာ ၅ စီးနဲ့။ ကိုယ့်ဘက်က ဂျန်ပါဂန်း(Jammer Gun)နဲ့ပစ်တော့ ဗုံးသီးကပြန်ပါသွားတာ။ သူတို့ခေါင်းပေါ်ရောက်မှာ ဗုံးသီးက ပြန်ပြုတ်ကျတာ။ သူတို့ ဗုံးသီးနဲ့သူတို့ပြန်ထိတာ"လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အောင်သာယာကျေးရွာဘက်ကနေ စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့တွေက အောက်တိုဘာ ၄ ရက် မနက် ၅ နာရီခန့်မှာ ဒရုန်း ၅ စီးနဲ့ မုံလှရွာကို ၁ ကြိမ်၊ မနက် ၉ နာရီခန့်မှာ ကျီစုရွာကို ၁ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ကျီစုရွာကို ဒရုန်းတွေနဲ့ဗုံးလာချချိန် တော်လှန်ရေးအဖွဲ့တွေဘက်က ဂျန်ပါဂန်း(Jammer Gun)တွေ အသုံးပြုပစ်ခတ်တာတွေရှိလို့ ဗုံးသီးအချို့သာကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးသီးအချို့ကတော့မကျဘဲ ဒရုန်းနဲ့အတူပြန်ပါသွားတာဖြစ်ပါတယ်။

ဒရုန်းဗုံးသီးပြန်ကျကွဲလို့ စစ်ကောင်စီတပ်သား ကြောက်ကြီး၊ အောင်သာယာပျူအဖွဲ့ဝင်တွေဖြစ်တဲ့ မောင်ဝ၊ ညိုမ(မောင်ဝဇနီး)၊  ညွန့်လှိုင်၊ မှိုဥ၊ မသိန်ဌေးတို့ နေရာမှာပဲသေဆုံးခဲ့ပြီး စစ်သားနဲ့ပျုအဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းပေးနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့စုံစမ်းချက်အရ သိရတာလို့ ဆိုပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုတော့ အောင်သာယာကျေးရွာက ၆ ဘီး ကန်တာယာဥ်နဲ့ ကန့်ဘလူဆေးရုံဘက်ကို သယ်သွားကြတယ်လို့ အဆိုပါတော်လှန်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တခုမှာတော့ PDF တွေဘက်က အောင်သာယာရွာကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်လို့ ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၅ ဦး အမျိုးသမီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံကာကွယ်ရေးရဲဘာ်တဦးက အဲ့ဒီထုတ်ပြန်ချက်အပေါ်မှာ "အဲဒီနေ့က ကိုယ့်ဘက်ကမလွှတ်ဘူးတော့သေချာတယ်။ သူတို့က လိမ်လည်တာပဲလေ။ ကိုယ့်ဘက်ပြန်လွှတ်ဖို့ ဒရုန်းအဖွဲ့ကမရောက်ခဲ့ဘူး။ သူတို့ဒရုန်းနဲ့သူတို့ ဖြစ်တာပါ"လို့ တုံ့ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ ကျီစုရွာအနီး ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေထိခိုက်တာမျိုးမရှိခဲ့ပေမယ့် မုံလှရွာမှာ အသက် ၈ နှစ်မိန်းကလေး ၁ ဦး၊ ၈၀ ကျော်အရွယ် အဘွားအို ၁ ဦး၊ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ခုလိုဗုံးကြဲခဲ့တာကြောင့် လက်ရှိမှာ ရေဦးမြို့နယ်က အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ မုံလှကျေးရွာနဲ့ ဘူးကုန်းကျေးရွာက ပြည်သူတွေလည်း ရွာကနေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်ကထုတ်ပြန်ခဲ့တဲ့ အောင်ပင်လယ်ရွာ ဒရုန်းဗုံးသီးကျရောက်ရာနေရာပြပုံ။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #စစ်သား #ပျူ #ဒရုန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10