ဒလန်ဆိုသူလင်မယားကို ရှင်းလင်းခဲ့ပေမယ့် စစ်ကောင်စီဝါဒဖြန့်သလို မလုပ်ခဲ့ဟု မင်းလှပကဖ ပြော

ဒလန်ဆိုသူလင်မယားကို ရှင်းလင်းခဲ့ပေမယ့် စစ်ကောင်စီဝါဒဖြန့်သလို မလုပ်ခဲ့ဟု မင်းလှပကဖ ပြော

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာက ဒလန်လို့ နာမည်ထွက်နေသူလင်မယားကို ပစ်ခတ်ရှင်းခဲ့တာသာရှိပြီး ခေါင်းဖြတ်ခဲ့တာ မရှိဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောဆိုပါတယ်။

ဇူလိုင်လ ၃၁ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီသတင်းပေး ဒလန်လုပ်နေတဲ့ စောအယ်လာထူး ၅၀ နှစ်ခန့်နဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းမာ ၄၀ နှစ်ခန့်တို့ကို နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာသာ ရှိတယ်လို့ သူကဆိုပါတယ်။

"သူတို့ကို ဒလန်သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်။ မလိုက်နာဘူး။ ခု ကျနော်တို့ဘက်က စခန်းနေရာကိုတောင် စကစ ကိုသတင်းပေးဖို့ လုပ်နေလို့ လုံခြုံရေးအရ ရှင်းလိုက်တာဖြစ်တယ်။ ရှင်းချိန်မှာတောင် အမျိုးသားဖြစ်သူက ထွက်ပြေးလို့ လမ်းတနေရာမှာ ရှင်းလိုက်ရတာ။ သူတို့ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တာမရှိဘူး။ ခုက စကစ ဘက်က PDF အချင်းချင်း ခေါင်းဖြတ်သတ်တယ်ဆိုပြီး သတင်းမှားဖြန့်နေတာ" လို့ မင်းလှမြို့နယ် ပကဖ တာဝန်ခံ ကပြောပါတယ်။

ခုလို ရှင်းလင်းခံထားရသူ ၂ ဦးအနက် အမျိုးသမီးအလောင်းကို စစ်ကောင်စီထောက်ခံသူ အချို့က ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ထားကာ PDF တွေဘက်က လုပ်တာလို့ဆိုပြီး ပြည်သူနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေအကြား အထင်အမြင်လွဲအောင် စစ်ကောင်စီဘက်က ဝါဒဖြန့်နေတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ ရှင်းလင်းတာကို ခံရလို့ လင်မယား ၂ ဦးစလုံးဟာ နေရာမှာဘဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ မတ်လအတွင်းက မင်းလှ ပကဖ စခန်းတခုကို စစ်ကောင်စီအဖွဲ့တွေက ဝင်စီးခဲ့ရာ အဖွဲ့ပိုင် လက်နက်ခဲယမ်းအချို့ကို လုံခြုံတနေရာမှာ ဝှက်ထားချိန် အဆိုပါလင်မယားက ရှာဖွေပြီး စစ်ကောင်စီထံ အပ်နှံခဲ့ကာ ငွေကျပ် ၂၅ သိန်းကို ရယူခဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ရေးအဖွဲ့တွေရဲ့ နေရာကို လိုက်လံစုံစမ်းတာနဲ့ CDM လုပ်ဆောင်သူတွေကို စစ်ကောင်စီထံ သတင်းပေးနေတာတွေ​ကြောင့် ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

ရှင်းလင်းခံရတဲ့ လင်မယားနှစ်ဦးနဲ့ပတ်သက်ပြီး ပကဖ ရဲ့ပြောဆိုထားချက်များကို မြေလတ်အသံအနေနနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဇွန်လ ၃၀ ရက်ကလည်း မင်းလှမြို့နယ်၊ သပြေစမ်းရွာထိပ် ရန်ကုန်-ပြည်လမ်းပေါ်မှာ PDF တွေရဲ့အသည်း အရက်နဲ့မြည်းမယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #မင်းလှ #ပကဖ #စစ်ကောင်စီ #ဒလန် #ရှင်းလင်းမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10