ဒလန်ဆိုသူအမျိုးသမီးအသတ်ခံရမှု သံသယနဲ့ဖမ်းဆီးခံရသူ ၅ ဦးထဲက အမျိုးသား ၁ ဦး စစ်ကြောရေးမှာ သေဆုံး

ဒလန်ဆိုသူအမျိုးသမီးအသတ်ခံရမှု သံသယနဲ့ဖမ်းဆီးခံရသူ ၅ ဦးထဲက အမျိုးသား ၁ ဦး စစ်ကြောရေးမှာ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်က ဒလန်ဆိုသူ အမျိုးသမီးအသတ်ခံရမှုနဲ့ သံသယဖြစ်ကာ ဖမ်းဆီးခံရသူ ၅ ဦးထဲက အမျိုးသား ၁ ဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူ ၅ ဦးမှာ ပေါင်းတလည်မြို့ပေါ်ကဖြစ်ပြီး အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးဖြစ်ကာ သေဆုံးသွားသူ အမျိုးသားရဲ့ အလောင်းကိုတော့ ယနေ့ မေ ၁၆ ရက်မှာ ပြန်ပို့ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ကွမ်းဆိုင်ကအမျိုးသမီးကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးတာပေါ့။ အမျိုးသမီးက လေးယောက် ယောကျ်ားလေးက တယောက်ပေါ့။ အဖမ်းခံရတဲ့သူတွေထဲက အမျိုးသမီး နှစ်ဦး ပြန်လွှတ်တယ်။ သေဆုံးတဲ့သူက ကိုအောင်ကိုဦးပါ စစ်ကြောရေးမှာဆုံးတယ်။" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ရဲစခန်းအနီး ရွှေလက်ပုံကွမ်းဆိုင်က ဆိုင်ရှင်ဖြစ်သူ ဒလန်လို့ဆိုတဲ့ အမျိုးသမီးကို ပစ်ခတ်ရှင်းလင်းမှု ဖြစ်ပွားပြီး နောက်တနေ့ မေ ၁၃ ရက်မှာ ၅ ဦးလုံးကိုဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာတော့ အမျိုးသမီး ၁ ဦးကို ပြည်မှာချုပ်ထားပြီး အမျိုးသမီး ၁ ဦးကိုတော့ ပေါင်းတလည် အချုပ်ထဲမှာ ဖမ်းဆီးထားဆဲပဲလို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်မှာ ရှင်းလင်းခံရတဲ့ ပြည်မြို့နယ်၊ ဇီးအုပ်အုပ်စု၊ ရွှေမြောင်ကျေးရွာမှ စကစခန့်  အုပ်ချုပ်ရေးမှူးဝင်းကြိုင် သေဆုံးမှုနဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးထားဆဲဖြစ်ကာ အဆက်သွယ်မရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

#မြေလတ်အသံ

#ပြည် #ပေါင်းတလည် #လူသတ်မှု #သံသယတရားခံ #သေဆုံး #စစ်ကြောရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10