သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရင်း တော်လှန်အနုပညာထုတ်ကုန်တွေကို ဖန်တီးထုတ်လုပ်နေတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တယ်လို့ Aritsts’ Shelter ရဲ့ စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီဆုဟာ တီထွင်ဖန်တီးထားတဲ့အနုပညာတွေ ထူးချွန်ပြောင်မြောက်ရုံသာမကဘဲ မြန်မာ့လူထုတော်လှန်ရေး အတွင်း ပြည်သူတွေနဲ့အတူ ထိပ်ဆုံးမှာရပ်တည်တွန်းလှန်နိုင်ခဲ့တဲ့ အနုပညာရှင်တွေအဖြစ်နဲ့ ဂုဏ်ပြုပေးအပ်ခဲ့ တာလို့ သိရပါတယ်။
Oldenburg International Film Festival က ပေးအပ်တဲ့ဂုဏ်ထူးဆောင်ဆုဟာ ၁၉၉၄ က စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အသီးသီးက ထူးချွန်ပြောင်မြောက်တဲ့ အနုပညာ၊ အတတ်ပညာရှင်တွေကို နှစ်စဉ် ရွေးချယ်ပေးအပ်ခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံက Artists’ Shelter ရဲ့ Founder ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဒါရိုက်တာဏကြီး ဖန်တီးရိုက်ကူးထားပြီး သရုပ်ဆောင်ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ “What happened to the wolf ”၊ "မီ" ရုပ်ရှင်တွေနဲ့အတူ တော်လှန်ရေးကာလအတွင်း ရိုက်ကူးပုံဖော်ထားတဲ့ “နိုင်ငံပျောက်သူ”၊ “မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်”၊ “Guilt” ဇာတ်ကားတိုများကို Oldenburg ရုပ်ရှင်ပွဲတော်အတွင်းမှာ ပြသဖို့လည်းရွေးချယ်ခြင်း ခံထားရတယ်လို့သိရပါတယ်။
ဒါရိုက်တာဏကြီးဖန်တီးရိုက်ကူးထားတဲ့ What happened to the wolf ? ရုပ်ရှင်ဟာ 2021 Oldenburg ရုပ်ရှင်ပွဲအတွက်ရွေးချယ်ခံခဲ့ရပြီး world premiere အဖြစ် ပြသခွင့်ရခဲ့ကာ အိန္ဒြာကျော်ဇင် က Seymour Cassel Award ဆုကို အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ်နဲ့ရရှိခဲ့ပါတယ်။ What happened to the wolf ? ရုပ်ရှင် trailer ကို Oldenburg’s Facebook page မှာတင်တဲ့အခါမှာလည်း ဝင်ရောက်ကြည့်ရှုသူ ၁ မီလျံကျော်ခဲ့ တယ်လို့ The Hollywood Reporter ရဲ့ ရေးသားဖော်ပြချက်အရ သိရှိရပါတယ်။
ဒီဂုဏ်ထူးဆောင်ဆုကိုရရှိတာဟာ ဖက်ဆစ်အာဏာရှင်တွေအနေနဲ့ မတရားမှုကိုဆန့်ကျင်တော်လှန်ပြီး ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို နည်းမျိုးစုံဖမ်းဆီးနှိပ်စက် ဖိနှိပ်နေပေမယ့်လည်း စစ်မှန်သောအနုပညာရှင်တွေနဲ့ သူတို့ရဲ့လက်ရာတွေကို ဘယ်လိုအကြောင်းနဲ့မှ တားဆီးရပ်တန့်လို့မရနိုင်ကြောင်း ဂုဏ်ယူစွာနဲ့ ဖော်ပြလိုက်ရပါတယ်လို့ Artists’ Shelter ကလည်း ရေးသားထားပါတယ်။
ဓာတ်ပုံ - Na Gyi Facebook Page
စာတည်း-လင်းဇေ
#မြေလတ်အသံ
#အနုပညာသတင်း #ဒါရိုက်တာဏကြီး #ပိုင်ဖြိုးသု #ArtistsShelter #Oldenburg
Share Share Share