ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ

ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွား တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတဆင့် သိရပါတယ်။

မေ ၇ ရက်က ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် ဆေးကုသခွင့်တောင်းခံပေမယ့် ထောင်အာဏာပိုင်တွေက ခွင့်ပြုပေးခြင်းမရှိဘဲ အချိန်နောက်ကျမှ ထောင်ပြင်ပဆေးရုံကို ပို့ပေးခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း ဟာ မေ ၈ရက် ည ၈ နာရီခန့်မှာ ဆေးကုသခွင့်နောက်ကျပြီး ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။

“စစ်ကြောရေးမှာ ရရှိတဲ့အတွင်းကြေဒဏ်ရာနဲ့ ညှင်းပန်းနှိပ်စက်မှုကရတဲ့ ဒဏ်တွေကြောင့် ဆေးကုမှုခံနေရတာ။ အဓိက ဆုံးသွားတဲ့အကြောင်းရင်းက သူစစ်ကြောရေးမှာရတဲ့ ဒဏ်တွေကို ပြင်ပဆေးရုံမှာ ကုသဖို့ အချိန်နဲ့ တပြေးညီ ပို့ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် သေဆုံးခဲ့ရတာ။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေသာရခဲ့မယ်ဆိုရင် လူငယ်ပိုင်း လူလတ်ပိုင်းတယောက်က သေဆုံးခဲ့မှာ မဟုတ်ဘူး။” လို့ PPNM အဖွဲ့ဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။

ဆေးကုသခွင့်နောက်ကျလို့ နေပြည်တော်၊ လယ်ဝေး‌ဒေသက အသက် ၃၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်း သေဆုံးခဲ့ပြီး သူဟာ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတာပါ။

ဒိုက်ဦးအကျဉ်းထောင်မှာ ‌၂၀၂၄ ဖေဖော်ဝါရီလကနေ မေလ ၁၁ ရက်အတွင်း ‌လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ဦးအထိရှိလာပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၉ ရက်မှာ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ-၁၄၂ တို့နဲ့ ထောင် ၈နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်း၊  မတ် ၆ ရက်မှာတော့ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည)တို့နဲ့ ထောင် ၁၄နှစ် ချမှတ်ခံ ထားရတဲ့ ဦးခင်စိုးတို့  ၂ ဦးဟာလည်း လုံလောက်တဲ့ ဆေးကုသခွင့် မရရှိတဲ့အတွက် အသက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်မရရှိတာတွေ၊ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် အသက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေလ ၁၀ ရက်ထိ စစ်တမ်းကောက်ချက်တွေအရ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၆, ၆၅၄ ဦး ရှိပြီး အဲဒီထဲကမှ ၈,၉၈၇ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦးမြို့ #အကျဉ်းထောင် #ဆေးကုသခွင့် #နိုင်ငံရေးအကျဉ်းသား #PPNM #မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10