ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ

ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေကို ထောင်အာဏာပိုင်တွေက အင်အားသုံး ရိုက်နှက်ခဲ့ပြီးနောက် တိုက်ပိတ်ခံရသူတွေနဲ့ ဒဏ်ရာအပြင်းထန်ရရှိသူတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM ကတဆင့် သိရပါတယ်။

ဇွန် ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူတွေရဲ့ပစ္စည်းတွေကို ရှာဖွေပြီးချိန် ပြန်မပေးဘဲယူထားတာကြောင့် ပြန်ပေးဖို့တောင်းဆိုရာမှာ ကောင်းမွန်စွာမဖြေရှင်းဘဲ ထောင်အာဏာပိုင်အမျိုးသားတွေက အင်အားသုံးဝင်ရောက်ကာ ရိုက်နှက်ခဲ့ကြတာလို့ ဆိုပါတယ်။

“ထောင်ကနေ တရားဝင်ခွင့်ပြုလို့ပါလာတဲ့ အစားသောက်နဲ့ အသုံးဆောင်ပစ္စည်းတွေကို အကျဥ်းဦးစီးဝန်ထမ်းတွေက သိမ်းဆည်းထားလို့ ပြန်တောင်းတယ်၊ ပြန်တောင်းတဲ့အပေါ်မှာ ပြဿနာဖြစ်တာပါ၊”လို့ PPNM အဖွဲ့ဝင် ကိုသိုက်ထွန်ဦးက ပြောပါတယ်။

ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူ ၃၀ ကျော်နဲ့ ဒိုက်ဦးထောင်မှာရှိတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း ၅၀ ကျော်ကို ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် (၁ ပွင့်)၊ မင်းဇော်သိန်း (၁ ပွင့်)၊ အဆောင်မှူး ကိုလေးမြင့်တို့က ဦးဆောင်ကာ အမျိုးသားဝန်ထမ်း ၂၀ ခန့်က သေနတ်ပစ်ဖောက်ပြီး လေးခွနဲ့ ပစ်တာ၊ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုး စတာတွေနဲ့ ရိုက်နှက်ခဲ့တာအပြင် ကျဥ်စက်နဲ့ တို့တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသူ ၅ ဦးခန့် ပြင်းထန် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေရခဲ့တာကြောင့် ဒိုက်ဦးဆေးရုံဆောင်မှာ ကုသမှုခံယူနေရပြီး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူတွေနဲ့ လေးခွထိမှန်ဒဏ်ရာရထားတဲ့သူတွေလည်း ရှိထားတယ်လို့ ကိုသိုက်ထွန်ဦးက ပြောပါတယ်။   

ဇွန် ၁၅ ရက်မှာ ကျိုက်မရောအကျဥ်းထောင်က အကျဥ်းသား ၁၀၀ ကျော်ကို သာယာဝတီထောင်၊ အကျဥ်းသူ ၆၀ ကျော်ကို ဒိုက်ဦးထောင်တို့ကို ပြောင်းရွှေ့ခဲ့ပြီး မန္တလေးအိုးဘိုထောင်က နိုင်ငံရေး အကျဉ်းသား ၇၀ ကျော်ကို မကွေးထောင်နဲ့ မြင်းခြံထောင်တို့ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ဇွန် ၁၈ ရက်အထိ နိုင်ငံတဝှမ်း ဖမ်းဆီးခံခဲ့ရသူဦးရေ ၂၆၈၈၂ ဦးရှိပြီး ဒီထဲမှာ ၉၂၁၅ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #အကျဥ်းထောင် #ရိုက်နှက် #အမျိုးသမီး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10