ဒိုက်ဦးမှာ ပြည်သူစစ်ထဲဝင်ဖို့ အမျိုးသမီးတွေပါ ဖိအားပေးခံနေရ

ဒိုက်ဦးမှာ ပြည်သူစစ်ထဲဝင်ဖို့ အမျိုးသမီးတွေပါ ဖိအားပေးခံနေရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ထဲမှာ ပြည်သူစစ်ထဲဝင်ဖို့အတွက် အမျိုးသမီးတွေကိုပါ စစ်ကောင်ဘက်က ဖိအားပေးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်လောက်ကစပြီး ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာတွေမှာ တရွာကို ပြည်သူ့စစ်ထဲဝင်ဖို့ လူ ၂၀ ပေးရမယ်ဆိုပြီး တောင်းခံနေသလို အမျိုးသားတွေမရှိတဲ့နေအိမ်က အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသမီးတွေကိုပါ ပြည်သူစစ်လုပ်ရမယ်ဆိုပြီး ဖိအားပေးလာတာလို့ ဆိုပါတယ်။

"ခုက အမျိုးသားတွေမပေးနိုင်ရင် အမျိုးသမီးတွေက ဝင်ရမယ်ဆိုပြီး ပြောလာတယ်။ အမျိုးသား အချို့ကလည်း ပြည်သူစစ်ထဲဝင်ရမှာစိုးလို့ အခြား(ဒေသ)ကို ထွက်ကုန်တာဆိုတော့ အမျိုးသမီးတွေကို အကြပ်ကိုင်လာတဲ့သဘောပဲ"လို့ ဒေသခံတဦးကပြောပါတယ်။

လတ်တလောမှာတော့ အမျိုးသမီးတွေပါ ပြည်သူစစ်ထဲဝင်ရမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီဘက်က ဖိအားပေးလာလို့ အမျိုးသမီးတွေမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်အာဏာမသိမ်းမီကတည်းက ဒေသခံအမျိုးသားတွေဟာ ပြည်ပနိုင်ငံတွေအပါအဝင် ရန်ကုန်လို အခြားမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတာကြောင့် အမျိုးသားဦးရေနည်းပါးပြီး အမျိုးသမီးတွေသာ အများစုကျန်ရှိနေကြတာလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒိုက်ဦးမြို့နယ်ထဲက ကျောက်တလုံး၊ ဝါးဖာစု၊ ကလိ၊ ဖအောင်းစု၊ တမံကြီး၊ ကတုတ်ဘုရားကြီး၊ သုံးခွ၊ သရက်ကုန်း၊ အပါအဝင် ကျေးရွာအားလုံးမှာ ပြည်သူစစ်တွေဖွဲ့ဖို့  ဖိအားပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းထဲက ပြည်၊ ပန်းတောင်၊ ဥသျှစ်ပင်၊ ရွှေတောင်၊ နတ်တလင်း၊ ဝေါ စတဲ့မြို့နယ်တွေ အပါအဝင် မြို့နယ်အများစုနဲ့ ကျေးရွာတွေမှာ ပြည်သူစစ်ဖွဲ့စည်းဖို့ လုပ်ဆောင်နေတာပါ။ 

ကျေးရွာတွေမှာ ပြည်သူစစ်ဖွဲ့စည်းဖို့ အနည်းဆုံး လူ ၂၀ ကနေ အများဆုံး လူ ၅၀ ထိတောင်းခံနေပြီး ရွာလုံးကျွတ် ပြည်သူစစ်အဖွဲ့ မဝင်လိုတဲ့ရွာရှိပါက မဲနှိုက်တဲ့စနစ်နဲ့ အတင်းအကြပ်ဝင်ခိုင်းနေတာတွေ ရှိနေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်ဆောင်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ တောင်ပိုင်းစစ်ဒေသက ဇန်နဝါရီလ ၁၈ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။

ပုံစာ - စစ်ကောင်စီလက်အောက်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ပြည်သူ့စစ် #အမျိုးသမီး #စစ်ကောင်စီ #ဖိအားပေးတောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10