ဒိုက်ဦးမှာ ရေဘေးကူညီရေးအဖွဲ့လှေ တိမ်းမှောက်ပြီး ကျပ်သိန်း ၅၀ ဆုံးရှုံး

ဒိုက်ဦးမှာ ရေဘေးကူညီရေးအဖွဲ့လှေ တိမ်းမှောက်ပြီး ကျပ်သိန်း ၅၀ ဆုံးရှုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာဘက်ကနေ စံပြကျေးရွာက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ပစ္စည်းတွေတင်ဆောင်လာတဲ့ ကူညီရေးလှေတစီး တိမ်းမှောက်ခဲ့တာကြောင့် ပစ္စည်းဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဘေးသင့်ပြည်သူတွေကိုထောက်ပံကူညီဖို့ လှေ ၅ စီးနဲ့သွားစဥ် ပစ္စည်းတင်လှေ ၁ စီးမှာ ရေစီးကြောင့် တိမ်းမှောက်နစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

"လှိုင်းကလည်းကြီး ရေစီးကလည်းသန်တယ်။ လှေပေါ်တင်ထားတဲ့ ပစ္စည်းဝိတ်ကလည်းများတော့ မထိန်းနိုင်တော့ဘဲ မြုပ်သွားတာ။"လို့  လှေမှောက်တဲ့နေရာအနီးမှာရှိခဲ့သူတဦးက ပြောပါတယ်။

နစ်မြုပ်သွားတဲ့လှေပေါ်ပါသူတွေကို အခြားလှေပေါ်ကသူတွေ အချိန်မီကယ်ဆယ်လိုက်နိုင်လို့ သေဆုံး ထိခိုက်သူတော့မရှိခဲ့ဘဲ စက်လှေ ၁ စီး၊ ရေသန့်ကဒ်၊ ရိက္ခာခြောက်တွေနဲ့ ကူညီရေးအဖွဲ့ဝင်တွေရဲ့ ဖုန်း ၂ လုံး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် ဇူလိုင် ၂၀ ရက်ကတည်းကစတင်ပြီး ဒိုက်ဦးမြို့နယ်ထဲက မင်္ဂလွန်း၊ သုံးခွ၊ စံပြ၊ ကမာကလစ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်က အိမ်ထောင်စု ၁၀၀၀၀ ကျော်ရေဘေးသင့်နေပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၃၀ ရက်ကလည်း ပဲခူးမြို့နယ်၊ ဇိုင်းကနိုင်ကြီးကျေးရွာဘက်က ရေဘေးသင့်ပြည်သူတွေကို သွားလှူမယ့် ‘ကရုဏာတွဲလက်’ လူမှုကယ်ဆယ်ရေးစက်လှေ ၂ စီးလည်း ရေစီးကြောင့်တိမ်းမှောက်ခဲ့ပြီး ကူညီထောက်ပံ့မယ့်ပစ္စည်းတန်းဖိုး ကျပ်သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ပါသေးတယ်။ 

ပုံစာ - ဒိုက်ဦးမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် စက်လှေတစီး။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ကယ်ဆယ်ရေးလှေ #တိမ်းမှောက် #ဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10