သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ S&C ပရဟိတဆေးခန်းက လူနာပေါင်း ၁ သောင်းကျော်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ ဆေးခန်းတည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
ပရဟိတဆေးခန်းကို ၂၀၂၃ ဇွန် ၁၉ ရက်က ဒီပဲယင်းမြို့နယ်မှာ အခြေစိုက် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
“မှတ်မှတ်ရရ ပြောရမယ်ဆိုရင် အမေစုမွေးနေ့ ၇၈ နှစ်ပြည့်မွေးနေ့ကပေါ့နော် စတင်ပြီးတော့ ဖွင့်လှစ်ခဲ့တယ်။”လို့ ကိုစိုးမိုးအောင် ဆိုပါတယ်။
မြို့နယ်အတွင်းမှာရှိတဲ့ မီးဘေးသင့်၊ စစ်ဘေးသင့် ပြည်သူတွေ၊ CDMဝန်ထမ်းတွေ၊ တော်လှန်ရေးရဲဘော်တွေ အားလုံးကို အခမဲ့ကုသပေးပြီး အခုချိန်မှာဆိုရင် အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တယ်လို့ ဆိုပါတယ်။
“ဆေးခန်းမှာတော့ အနယ်နယ်အရပ်ရပ် လာပြကြတဲ့သူတွေ ရှိတယ်ဗျ။ ရွာအနေနဲ့ဆိုရင်တော့ ရွာပေါင်း ၃၀ ကျော်လောက်ကို ကာဗာပေးနိုင်တဲ့ အနေအထားတော့ ရှိတယ်။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
၁ လကို ပျှမ်းမျှ လူနာ ၅၀၀ နဲ့ ၆၀၀ ကြားမှာရှိပြီး ဆေးခန်းဖွင့်တဲ့အချိန်ကနေ အခုချိန်ထိ လူနာပေါင်း ၁၀,၀၀၀ ကျော် ရှိပြီလို့ ပြောပါတယ်။
ရိုးရိုး ဖျားနာလူနာ၊ သွေးတိုးလူနာ၊ ကိုယ်ဝန်ဆောင်၊ ပိုးထိလူနာ စတဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အသေးစားခွဲစိတ်မှုတွေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆေးခန်းမှာ ဒေသတွင်း ပိုးထိလူနာတွေ များတာကြောင့် မြွေဆိပ်ဖြေဆေး ဆောင်ထားရပြီး မြွေဆိပ်ဖြေဆေးက ဝယ်ယူရတာ ခက်ခဲသလို တန်ကြေးအားဖြင့်လည်း ဈေးမြင့်တာကြောင့် ပိုးထိလူနာ ၁ ဦးကို ၈ သိန်းကနေ ၉ သိန်းထိ ကုန်ကျတယ်လို့ ပြောပါတယ်။
ပြည်တွင်းပြည်ပအလှူရှင်တွေကြောင့် ဒီလို အခမဲ့ကုသပေးနိုင်တာဖြစ်ပြီး ဆေးခန်းလည်ပတ်နိုင်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေ နည်းပါးလာပြီး ဆေးဝါးသယ်ယူရေးခက်ခဲတာ၊ ကုန်ကျစရိတ်များတာတွေကြောင့် ဆေးဝါးဖြည့်တင်းနိုင်ဖို့ အခက်အခဲတွေ ရှိတယ်လို့လည်း ပြောပါတယ်။
အလှူရှင်နည်းလာတဲ့ နောက်ပိုင်းမှာ ဆေးဝါးတွေပြတ်လပ်ပြီး ဆေးခန်းလည်ပတ်နိုင်အောင် အပြင်ကနေ ချေးငှားလည်ပတ်နေရပြီး အလှူရှင်တွေ လှူလာတဲ့ငွေနဲ့ ပြန်ဆပ်ကာ လစဥ်အလျဉ်မီအောင် သွားနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ အခု ဒီဇင်ဘာလမှာ ဆေးခန်းက ခက်ခက်ခဲခဲရပ်တည်နေရပြီး အကြပ်တည်းဆုံးကာလထဲ ရောက်ရှ်ိနေတယ်လို့လည်း သိရပါတယ်။
“ကျနော်တို့အနေနဲ့က ထပ်မံပြီးတော့ ခွဲစိတ်ခန်းတွေ တိုးချဲ့ဖို့တွေ ရည်မှန်းထားတာရှိတယ်။ ဒါပေမဲ့ အခု လက်ရှိအနေအထားအရဆိုရင် ကျနော်တို့ ပုံမှန်ကုသနေရတဲ့ ဆေးဝါးကို အလျဉ်မီအောင် တော်တော်လေး ရုန်းကန်နေရတယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ကလည်း ဆေးခန်းကို ရပ်ပစ်ရမဲ့ အနေအထားထိကို အခုချိန်မှာ ဖြစ်နေတယ်ပေါ့လေ။ ကျနော်တို့လည်း တတ်နိုင်သလောက်တော့ တောင့်ခံနေတယ်။”လ်ို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
မြေပြင်မှာ လိုအပ်ချက်တွေက နေရာတိုင်းမှာရှိတာ သိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းကို လည်ပတ်နိုင်အောင် အလှူရှင်တွေအနေနဲ့ ပံ့ပိုးပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
သတင်း - မြတ်သော်တာ၊ စာတည်း- JCG
#မြေလတ်အသံ
#ဒီပဲယင်း #ပရဟိတဆေးခန်း #အလှူရှင် #ဆေးဝါး #ကျန်းမာရေး
Share Share Share