ဒီပဲယင်းစစ်ရှောင်တွေ ခိုလှုံနေရတဲ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၁ ဦးဒဏ်ရာရ

ဒီပဲယင်းစစ်ရှောင်တွေ ခိုလှုံနေရတဲ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေကြရတဲ့ ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၂၂ ရက် ည ၁၀ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ခိုလှုံ နေကြတဲ့ နဂါးတွင်းကျေးရွာ အ.ထ.က စာသင်ကျောင်းအနီးရှိ ဆေးပေးခန်းအဆောင်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၁ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

"နဂါးတွင်းစာသင်ကျောင်းရဲ့ဘေးကပ်ရပ် ဆေးပေးခန်းကို တည့်တည့်ကြဲသွားတာ။ အဲ့အချိန် ဆေးပေးခန်းမှာ လူတယောက်မှရှိဘူး။ ဆေးခန်းကတော့ လုံးဝပျက်စီးသွားတယ်။"လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

ဗုံးစတွေထိမှန်ဒဏ်ရာရရှိသူမှာ အ.ထ.ကစာသင်ကျောင်းမှာ ခိုလှုံနေတဲ့ အသက် ၄၀ အရွယ်ရှိ စစ်ဘေးရှောင်အမျိုးသားတဦးဖြစ်ပြီး ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

"ဗုံးကြဲချိန်မှာ စစ်ရှောင်အကုန်လုံးက အိပ်နေကြပြီ။ ကျောင်းနံရံတွေက RC နဲ့။ ဒဏ်ရာရသူကတော့ အခန်းပြင်မှာ ဖုန်းထွက်ပြောနေလို့ အစတွေမှန်ခဲ့တာ" လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

လက်ရှိမှာ နဂါးတွင်းကျေးရွာအတွင်း ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်မှာ ဗုံးကြဲမှုဖြစ်စဥ်ကြောင့် တခြားကျေးရွာတွေဆီကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူ ၂၀၀၀၀ ကျော်ရှိနေပြီး သူတို့ဟာ မြို့သိမ်းတိုက်ပွဲမဖြစ်မီ သြဂုတ် ၁၆ ရက်ကနေ ဩဂုတ် ၂၃ ရက် ဒီနေ့အထိ တိမ်းရှောင်နေရတာလို့ သိရပါတယ်။

ပုံစာ - ဒီပဲယင်းမြို့နယ်က ဘုန်းကြီးကျောင်းတခုတွင်တွေ့ရသည့် စစ်ဘေးရှောင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ရှောင် #ဗုံးကြဲ #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10