ဒီပဲယင်းနယ်က စစ်ရှောင်တွေအတွက် ယာယီတဲတွေဆောက်လုပ်ဖို့ အကူညီလိုအပ်နေ

ဒီပဲယင်းနယ်က စစ်ရှောင်တွေအတွက် ယာယီတဲတွေဆောက်လုပ်ဖို့ အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက် ယာယီတဲအိမ်တွေဆောက်လုပ်ပေးဖို့ အကူညီလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဆီက သိရပါတယ်။ 

အခုဇူလိုင်လအတွင်းမှာ တဲ ၈၀ လုံးဆောက်လုပ်ပေးဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာ ၆၃ လုံးသာ ဆောက်လုပ်ထားနိုင်ကာ နောက်ထပ်ကျန်ရှိနေတဲ့တဲတွေဆောက်လုပ်ဖို့ အကူညီလိုအပ်နေတာလို့ ဆိုပါတယ်။ 

တဲအိမ်တလုံးကို ငွေကျပ် ၂ သိန်းခွဲကုန်ကျပြီး စုစုပေါင်းတဲ ၈၀ အတွက်ဆိုရင် ငွေကျပ်သိန်း ၂၀၀ လောက်ကုန်ကျမှာလို့ ဒီပဲယင်းညီနောင်များ တာဝန်ခံကိုကြီးဖြိုးက ပြောပါတယ်။ 

လက်ရှိဒီပဲယင်းမြို့နယ်ထဲမှာ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်၊ မိုးကုတ် စတဲ့မြို့နယ်တွေဘက်ကလည်း ရောက်ရှိနေပြီး လက်ရှိမှာ စစ်ရှောင်အိမ်ထောင်စု ၇၀၀ ကျော် နေထိုင်စားသောက်ဖို့ အကူညီလိုအပ်နေတာလို့ ဆိုပါတယ်။

“အခုတော့ နေရပ်စွန့်ခွာစစ်ရှောင် အိမ်ထောင်စုတွေမှာ မှီခိုစရာ အရမ်းခက်ခဲလာတဲ့အတွက် အညာတဲအိမ်တွေ စတင်ဆောက်လုပ်ကူညီပေးနေပါတယ်။ ဘယ်ဒေသကပဲရောက်ရောက် ဒီပဲယင်းနယ်အတွင်း ရောက်လာသူတွေထဲက နေရာခက်ခဲ သူတွေကိုကူညီပေးနေပါတယ်။” လို့ တာဝန်ခံကိုကြီးဖြိုးက ပြောပါတယ်။

စစ်ရှောင်အင်အားပိုများလာတဲ့အတွက် လိုအပ်ချက်တွေပိုများလာပြီး ပြည်သူတွေရဲ့ထောက်ပံ့မှုကိုသာ အဓိကအားထားနေရကာ အခြားထောက်ပံ့ကူညီရေး NGO အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်မှု မရှိသေးဘူးလို့ ဆိုပါတယ်။ 

ဒီပဲယင်းမြို့နယ်ညီ‌နောင်များအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး၊ကျန်းမာရေးအတွက် အလှူရှင်တွေနဲ့ချိတ်ဆက် ကူညီပေးနေတာလို့လည်း တာဝန်ခံကိုကြီးဖြိုးက ပြောပါတယ်။ 

သတင်း - အောင်ကောင်းလင်း၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ဘေးရှောင် #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10