ဒီပဲယင်းမြို့အဝင်ဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီ ၄ ဦးသေ၊ သေနတ် ၄ လက်ရ

ဒီပဲယင်းမြို့အဝင်ဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီ ၄ ဦးသေ၊ သေနတ် ၄ လက်ရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်ဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၃ ရက် ညအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး လက်နက် ၄ လက်ပါရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။

မြို့ရဲ့အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ တွေက သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၂ ဦး၊ ပျူစောထီအဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။

"ဂိတ်ကိုတိုက်ဖို့သွားတာ အဲ့ဒီမှာ ပတ်ကင်းနဲ့ တိုးပြီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတာ။ ရရှိခဲ့တဲ့လက်နက် အမျိုးအစားတွေကိုတော့ တိုက်ခိုက်တဲ့အဖွဲ့တွေက မထုတ်ပြန်သေးလို့ မသိရဘူး" လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက်တနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၃ နာရီမှာ စစ်ကောင်စီတပ် ၁၀ ဦးခန့်က တောင်ပြင်ရပ်ကွက်ကို ဝင်ရောက်မွှေနှောက်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဒေသကာကွယ်ရေးအဖွဲ့ အစည်းတွေ၊ တပ်ရင်းတွေစတဲ့ အဖွဲ့ပေါင်းစုံက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်မှာလည်း အထက်ပါ စစ်ကောင်စီပူးပေါင်းဂိတ်ကို Depeyin Local Mobile Teamအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၆ ဦးသေဆုံးခဲ့ကာ MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကျည်ဘောက်၊ ကျည်ဆံ၊ အီနာဂါ ၂ လုံး၊ ပို့ကျည် ၂ တောင့်၊ ဖုန်း၊ ကျည်ကာစတဲ့ပစ္စည်းတွေကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင် ၃၀ ရက် အနောက်ဘက်ဂိတ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #စစ်ဆေးရေးဂိတ် #PDF #လက်နက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10