ဒီပဲယင်းမှာ စစ်တပ်က PDF ၂ ဦးအပါ ဒေသခံ ၈ ဦးကို ခေါင်းဖြတ်သတ်ပြီး ၂၀ ဦးကျော်ကို ဖမ်းဆီးထား

ဒီပဲယင်းမှာ စစ်တပ်က PDF ၂ ဦးအပါ ဒေသခံ ၈ ဦးကို ခေါင်းဖြတ်သတ်ပြီး ၂၀ ဦးကျော်ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးအပါအဝင် ၈ ဦးကို ခေါင်းဖြတ်သတ်ပြီးနောက် နောက်ထပ်အမျိုးသား ၂၁ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူ ၈ ဦးမှာ သိမ္ဘာကျေးရွာမှ ‌ကိုအောင်နိုင် ၃၅ နှစ်၊ ကိုဇော်မျိုးအောင် ၃၄ နှစ်၊ အမည်မသိရသေးသူ ၂ ဦး၊ ဘုတ္တန်းရွာမှ ဦးကြည်ဝင်း၊ ပန်းပုရွာမှ ကိုငြိမ်းမင်းဦး ၃၉ နှစ်၊ ကံပြားရွာမှ ကိုကျန်ထွန်း ၄၃ နှစ်၊ မင်းတဲကုန်းရွာမှ ဦးညိုဝင်း ၆၀ နှစ်တို့ ဖြစ်ကြပါတယ်။

"ဒီ ၈ ယောက်ထဲမှာ ရပ်ရွာကာကွယ်ရေး ၂ ယောက်ပါတယ်။ လုံခြုံရေးအရ တိတိကျကျ ပြောလို့မရဘူး။ အသတ်ခံရသူတွေက ခေါင်းဖြတ်ခံ၊ ဗိုက်ဖောက်ခံထားရတယ်။ အလောင်းတွေက မပီပြင်တော့ဘူး"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှတာဝန်ခံ ကိုကြီးဖြိုးက ပြောပါတယ်။

ရုပ်အလောင်းတွေကို အောက်တိုဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ အထက်ပါကျေးရွာတွေကို ကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေက နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် ကျေးရွာထဲမှာ ၅ လောင်းနဲ့ တောထဲမှာ ၃ လောင်းကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ ဓါတ်ပုံတွေမှာတော့ အမျိုးသားတဦးကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးတခုထောင့်မှာ ချိတ်ဆွဲထားတာ၊ နောက်ထပ် အမျိုးသားတဦကိုလည်း ခေါင်းဖြတ်ထားတဲ့အပြင် ရင်ဘက်တလျှောက် အရိုးတွေပေါ်အောင် အရေခွံဆုပ်ခွာထားပြီး အလောင်းကို ထမီပတ်ပေးထားတာတွေကို တွေ့ရပါတယ်။ 

ဒါ့အပြင် ကျွန်းတော်ကြီးရွာမှ ကိုအောင်ဇင်၊ ကိုမင်းမင်း၊ ကိုကျော်ထွန်း၊ ကိုဆန်းဦး၊ ကိုဝင်းခိုင်၊ အုန်းတင်ရွာမှ ကိုနတ်စား၊ ကံပြားရွာမှ ကိုတရုပ်ကြီး၊ ကိုဝင်းဟိန်းဦး၊ ရှမ်းတောရွာ၊ ဝင်းအောင် ၃၇ နှစ်၊ မျိုးမြင့်ထွန်း ၃၃ နှစ်၊ တင်မောင်လင်း ၃၃ နှစ်၊ ရဲရင့်အောင် ၂၅ နှစ်၊ ဟိန်းညီညီ ၁၅ နှစ်၊ ငြိမ်းချမ်းဖြိုး ၁၈ နှစ်၊ အောင်ကို ၃၂ နှစ်၊ မြင့်မြတ်သူ ၁၄ နှစ်၊ သီဟကျော် ၂၀နှစ်၊ ချစ်စမ်းသူ ၁၈နှစ်၊ စိုင်းကိုဦး ၁၈ နှစ်၊ မောင်ပို ၃၅ နှစ်၊ မင်းတဲကုန်းရွာမှ အောင်ကျော် ၁၉ နှစ်တို့လည်း ဖမ်းဆီးခံထားရပါတယ်။ 

ဖမ်းဆီးခံထားရသူတွေနဲ့ ပက်သက်ပြီးတော့ အောက်တိုဘာလ ၃၁ ရက် ဒီကနေ့အချိန်ထိ သတင်းအစအန မရကြသေးဘူးလို့ ကိုကြီးဖြိုးက ပြောပါတယ်။

ဘီလူးစစ်ကြောင်း (ခေါ်) ခလရ ၇၁ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်က ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို အောက်တိုဘာ ၂၁ ရက်ကစပြီး ၂၉ ရက်အထိ ၉ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ချိန်အတွင်း ဒေသခံတွေ အခုလိုသတ်ဖြတ်ခံရပြီး အဖမ်းခံရတာဖြစ်တယ်လို့ ကိုကြီးဖြိုးက ပြောပါတယ်။

စစ်ကောင်စီတပ်က အဆိုပါကျေးရွာတွေထဲကို စစ်ကြောင်းထိုးပြီး အောက်တိုဘာ ၂၉ ရက်မှာတော့ ဒီပဲယင်းမြို့ပေါ်ကို ပြန်ဝင်လာကာ အဲဒီကနေတဆင့် ၃၀ ရက်မှာ ရေဦးမြို့နယ်ထဲကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ #ဘီလူးစစ်ကြောင်း #ခလရ၇၁ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10