ဒီပဲယင်းမှာ စစ်ရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေ ရာသီတုပ်ကွေးဖြစ်နေ

ဒီပဲယင်းမှာ စစ်ရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေ ရာသီတုပ်ကွေးဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ရှောင်တွေနဲ့ စစ်ရှောင်အရေးကူညီနေသူတွေ ရာသီတုပ်ကွေးမိပြီး ဖျားနေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ရှောင်စခန်း ၁၁ ခု ရှိပြီး အဲ့ဒီထဲကစခန်း ၅ ခုလောက်က လူငယ်၊ လူကြီးမရွေး တုပ်ကွေးဖြစ်နေကြသလို ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ မှ တာဝန်ခံကိုကြီးဖြိုးကလည်း တုပ်ကွေး ဖျားနေတာ ၂ ရက်ရှိနေပြီလို့ ဆိုပါတယ်။

"စစ်ကြောင်းက သိမ္ဘာ(ရွာ)မှာပဲ ငြိမ်နေတာခင်ဗျ။ ကျနော်လည်း တုပ်ကွေးမိပြီး ဖျားနေလို့ ဖုန်းတွေလာတာကို မကိုင်နိုင်ပါဘူးခင်ဗျာ"လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့တာဝန်ခံ ကိုကြီးဖြိုးက ပြောပါတယ်။ 

ဒီပဲယင်းမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်ကစလို့ မိုးသည်းထန်စွာရွာနေတာဖြစ်ပြီး စစ်ရှောင်အများစုမှာ နေထိုင်တဲ့နေရာ မိုးမလုံတာ၊ မိုးရေထဲမှာ တိမ်ရှောင်ရတာတွေကြောင့် အများစုက တုပ်ကွေးမိပြီး ဖျားနာနေကြပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဖျားနေသူ အရေအတွက်ကို မသိရသေးဘူး။ ဖျားနေသူတွေက ရွာကနေပါလာတဲ့ ဆေးတွေ သောက်နေရတယ်။ စခန်းမှာက ဆေးမရှိသေးဘူး။ မိုးကလည်း မစဲသေးဘူး"လို့ သူကပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်ကနေ ၂၅ ရက် ဒီကနေ့အထိ ခမရ ၇၀၁ မှစစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၇၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာ ၁၁ ခုမှာ အသီးသီးဝင်ရောက်ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့နဲ့ မြို့နယ်စစ်ရှောင်ကူညီရေးအဖွဲ့တို့က စစ်ရှောင်စခန်း ၁၁ ခုရှိတဲ့အထဲမှ ၉ ခုကို စားနပ်ရိက္ခာထောက်ပံ့ပေးတာတွေ ပြုလုပ်ခဲ့ပြီး ကျန်ရှိနေတဲ့ စခန်းတွေကိုထောက်ပံ့ပေးနိုင်ဖို့ အလှူငွေတွေလိုအပ်နေတယ်လို့ ကိုကြီးဖြိုးကပြောပါတယ်။

ဝပါရွာ၊ မှန်သာရွာ၊ သပြေသာရွာ၊ ယင်းတွေရွာ၊ လက်တီးရွာ၊ ကြည်ရွာ၊ မကြီးဇောက်ရွာ၊ ပန်းပုရွာ၊ သိမ္ဘာရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ဘုရားထွက်ရွာ၊ အုန်းတင်ရွာစတဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံတွေ စစ်ရှောင်နေရတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ရှောင် #ဆေးဝါးလိုအပ် #တုပ်ကွေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10