ဒီပဲယင်းမှာ ၃ ရက်ကြာစစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁ က အမျိုးသား ၂ ဦးကို သတ်ပြီး ကားဆိုင်ကယ်တွေကို မီးရှို့

ဒီပဲယင်းမှာ ၃ ရက်ကြာစစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁ က အမျိုးသား ၂ ဦးကို သတ်ပြီး ကားဆိုင်ကယ်တွေကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂ ရက် မနက်မှာ အမျိုးသား ၁ ဦးကို သတ်ဖြတ်ပြီး ကားတွေနဲ့ဆိုင်ကယ်တွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက နဘဲလှကျေးရွာက ဦးဝင်းအောင်ကို သတ်ဖြတ်ပြီး ပုဂံကျေးရွာက ဟိုက်ဂျက်ကား ၁စီး၊ FAW ကား ၁စီး၊ ဆိုင်ကယ် ၄ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ဦးဝင်းအောင်ကို ပုဂံရွာနားက ငရုတ်ခင်းမှာ ပစ်သတ်ထားခဲ့တာ။ သူ့ရဲ့အလောင်းကို ဒေသခံတွေရွာကို ပြန်ဝင်လာချိန်မှာ တွေ့ရတာ" လို့ ဒီပဲယင်းမြို့ နယ်ညီနောင်များအဖွဲ့မှ တာဝန်ခံကိုဖြိုးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက် စစ်ကြောင်းစထိုးတဲ့နေ့မှာ လက်တီးကျေးရွာက ကိုနိုင်လင်း အပိုင်းပိုင်းခုတ်ဖြတ် အသတ်ခံရသလို နောက်ထပ်ရွာခံသား ၂ ဦးဖြစ်တဲ့ ဦးငမြနဲ့ ကိုကျော်နိုင်တို့ ဖမ်းဆီးခံရကာ ၎င်းတို့ ၂ ဦးမှာ အောက်တိုဘာ ၄ ရက် ဒီနေ့အထိ သတင်းအစအန မရရှိကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ကို ၃ ရက်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ ခမရ ၇၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ်ထဲကနေ ရေဦးမြို့၊ တိုင်းရင်းဆေးရုံက ၎င်းတို့တပ်စွဲနေထိုင်တဲ့ စခန်းကို ပြန်လည်ဝင်ရောက်သွားခဲ့ကြတယ်လို့ ကိုဖြိုးက ပြောပါတယ်။

စစ်ကြောင်းက ရေဦးမြို့နယ်ထဲကိုဝင်ရောက်သွားခဲ့ပြီးနောက် ထွက်ပြေးနေကြရတဲ့  ဒေသခံ ၁ သောင်းကျော်ဟာလည်း  အောက်တိုဘာ ၃ ရက်မှာ မိမိတို့နေရပ်ကိုပြန်ဝင်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို ၃ ရက်ကြာစစ်ကြောင်းထိုးခဲ့တာကြောင့် ယင်းတွေရွာ၊ ပျံကျ၊ နဘဲလှ၊ပုဂံရွာ၊ လက်တီးရွာ၊ ခွန်းတောင်းရွာ၊ ကံပြားရွာ၊ အောင်ချမ်းသာရွာ၊ ဝပါရွာ၊ သပြေသာရွာ၊ မှန်သာရွာ၊ ငြိမ်းချမ်းရွာသစ်ရွာ၊ အင်းတန်းရွာ၊ တောကျောင်းရွာ၊ မဲသည်ရွာ၊ သတဲ့ရွာစတဲ့ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ဒီပဲယင်း #စစ်ကောင်စီစစ်ကြောင်း #မီးရှို့ဖျက်ဆီး #ဒေသခံသတ်ဖြတ်ခံရ #ခမရ၇၁ #စစ်ကိုင်းတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10