ဒီပဲယင်းမှာ ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် စစ်ရှောင်နေရ

ဒီပဲယင်းမှာ ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် နေရပ်စွန့် ခွာထွက်ပြေးနေရသူ ၇,၀၀၀ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

ခမရ ၇၀၁ မှ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အောက်တိုဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၂၄ ရက် ဒီကနေ့အထိ ၄ ရက်ဆက်တိုက် ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေက နေ့တိုင်းတိုးလာနေတော့ စားသောက်ဖို့ ရိက္ခာအဓိကလိုလာနေတယ်။ သူတို့က အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးလာကြရတာလေ" လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်မှာ စစ်ကောင်စီတပ်က ဝပါကျေးရွာကို ဝင်ရောက်ကာ လူနေအိမ် ၁၃ လုံးကို မီးရှို့ခဲ့သလို ၂၂ ရက်မှာတော့ ကြည်ရွာကို ဆက်လက်မီးရှို့ခဲ့ပြီး မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် မသိရသေးဘူးလို့ ဆိုပါတယ်။ 

အောက်တိုဘာ ၂၄ ရက် ဒီကနေ့မှာတော့ အဆိုပါစစ်ကောင်စီတပ်ဟာ မကြီးဇောက်ကျေးရွာအနီးက တောရဘုန်းကြီးကျောင်းတကျောင်းထဲ ဝင်ရောက်တပ်စွဲထားတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲကို ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် ဝပါရွာ၊ မှန်သာရွာ၊ သပြေသာရွာ၊ ယင်းတွေရွာ၊ လက်တီးရွာ၊ ကြည်ရွာ၊ မကြီးဇောက်ရွာ၊ ပန်းပုရွာ၊ သိမ္ဘာရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ ဘုရား ထွက်ရွာ၊ အုန်းတင်ရွာစတဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံတွေထွက် ပြေးနေရကြရတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၃ ရက်အထိ စစ်ကောင်စီတပ်က ပထမအကြိမ်ဝင်ရောက်စစ်ကြောင်းထိုးခဲ့ရာ ကျေးရွာပကဖ ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

ပုံစာ - ထွက်ပြေးလာသူများကို အောက်တိုဘာ ၂၃ ရက်မှာ ဒီပဲယင်းညီနောင်များအဖွဲ့နှင့် စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ထမင်းကျွေးမွေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့ #စစ်ကောင်စီ #စစ်ကြောင်း #မီးရှို့ #ဝပါကျေးရွာ #စစ်ရှောင် #ရိက္ခာ #လိုအပ် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10