ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှ ဖြုတ်ချ၊ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ကို ရဲချုပ်အဖြစ် ခန့်အပ်

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှ ဖြုတ်ချ၊ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ကို ရဲချုပ်အဖြစ် ခန့်အပ်

စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီးနဲ့ ရဲချုပ်ရာထူး ပူးတွဲရယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်း အောင်ကို မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်စေတယ်လို့ စစ်ကောင်စီက ယမန်နေ့ ဩဂုတ် ၃ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

လစ်လပ်သွားတဲ့ ရဲချုပ်ရာထူးနေရာကို ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဒီမနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

“ ရဲချုပ်ရာထူးက ဒုဝန်ကြီးတွဲကိုင်တာဆိုပေမယ့် ခုသတင်းထွက်နေတာ ဒုချုပ်(ရဲဒုချုပ်) ၁ ရဲချုပ် ဖြစ်မယ်လို့ ထွက်နေတာ။ ဒုဝန်ကြီးအတွက်က တပ်ကတယောက်လာမယ်လို့လည်း ကြားတယ်။ ဘယ်သူတွေရောက်မလဲတော့ ဒီနေ့မှ အမိန့်ထွက်မှာ” လို့ နေပြည်တော်ရဲချုပ်ရုံးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီး ၂ ဦးထားရှိပြီး စစ်အာဏာသိမ်းပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်စစ်ဘက်အရာရှိက ပြည်ထဲရေးဒုတိယဝန်ကြီးအပြင် ရဲချုပ်ရာထူးကို ပူးတွဲရယူထားတာပါ။

စစ်တက္ကသိုလ်အပတ်စဉ် ၃၇ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဟာ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ရာထူးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ခန့်အပ်ခံရတာဖြစ်လို့ ၁ နှစ် အကြာမှာ အဆိုပါရာထူးကဖြုတ်ချခံရတာလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်စေရန်ဟု စစ်ကောင်စီက ထုတ်ပြန်ပေမယ့် ၎င်းဟာ ကျိုင်းတုံ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးကနေ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ရရှိကာ နယ်ဘက်ဝန်ကြီးဌာနရာထူးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်ရာထူးရရှိတာကြောင့် ၎င်းရဲ့မူလစစ်ဘက်တာဝန်ဟာ ဘယ်ဌာနဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

“ သူ့လက်ထက် ရခိုင်မှာ နခခ(နယ်ခြားစောင့်တပ်ဌာနချုပ်)တွေအကျများလို့  ပြုတ်တာလို့လည်း သတင်းထွက်တာရှိတယ်” လို့ အထက်ပါနေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဟာ စစ်အာဏာသိမ်းပြီးနောက် ၃ ဦးမြောက် ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ် ဖြစ်ပြီး ၎င်းရဲ့ရှေ့မှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ ဗိုလ်ချုပ် ဇင်မင်းထက် တို့လည်း အဆိုပါ ရာထူးကနေ ဖြုတ်ချခံထားရတာလည်း ဖြစ်ပါတယ်။

ပုံစာ - ဒုရဲအုပ်လောင်းသင်တန်းဆင်းပွဲတခုတွင် တွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်။

#မြေလတ်အသံ

#ပြည်ထဲရေးဒုဝန်ကြီး #ရဲချုပ် #ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် #အနားပေးခံရ #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10