ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ

အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အဲ့ဒီ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချနေသည်ကိုသိလျက် အရေးယူဆောင်ရွက်ရန်ပျက်ကွက်မှု၊ ရာထူးနဲ့လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး တံစိုးလာဘ်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေများ တရားမဝင်လက်ဝယ်ထားရှိခြင်းနဲ့ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်မှု စတာတွေကျူးလွန်ခဲ့လို့ သက်ဆိုင်ရာစစ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ဖော်ပြပါတယ်။

စားအုန်းဆီဈေးနှုန်း အဆမတန်မြင့်တက်မှုကို အကြောင်းပြုပြီး စားအုန်းဆီလုပ်ငန်းရှင်တွေကို စက်တင်ဘာလ ပထမအပတ်အတွင်းမှာ စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုး တို့ကို စက်တင်ဘာလ ဒုတိယအပတ်နဲ့  တတိယပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဌရာထူး ရယူထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ နေရာတွေကို စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို စက် တင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးခဲ့တာပါ။

အဲ့ဒီလို လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် ၃ ပတ်အကြာမှာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အခုလို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ကောင်စီကြည်းတပ်ရဲ့ နံပါတ် ၄ အဆင့်ရှိ စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ရယူထားသူ စစ်ဗိုလ်ချုပ်ကြီးတဦးဖြစ်သလို  အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ယုံကြည်ရသူတွေထဲက တဦးဖြစ်ကာ အာဏာသိမ်းပြီးနောက် ထိန်းသိမ်းစစ်ဆေးခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးတွေထဲက ထောင်ဒဏ်ချမှတ်ကြောင်း တရားဝင်ထုတ်ပြန်ခြင်းခံရတဲ့ စစ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီအစည်းအဝေးတခုမှာ မြင်တွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်း။

#မြေလတ်အသံ

#သတင်း #ဒုဗိုလ်ချုပ်ကြီး #မိုးမြင့်ထွန်း #ဗိုလ်မှူးချုပ် #ရန်နောင်စိုး #စစ်တရားရုံး #ထောင်ဒဏ် #တသက်တကျွန်း #ချမှတ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10