ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး(ရုပ်/သံ)

ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လက်ဘက်ရည်ဆိုင်မှာ ဒုရဲအုပ်အသတ်ခံရပြီး ရဲတိုင်းရုံးကနေ ကား ၂ စီးနဲ့လိုက်လာတဲ့ ရဲတွေ စောင့်ကြိုပစ်ခတ်ခံရလို့ သေဆုံးမှုတွေများတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ဖွဲ့ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီခန့်က စက်မှု ၁ အေးရိပ်သာလမ်းဘေးက လက်ဘက်ရည်ဆိုင်မှာထိုင်နေတဲ့ မုံရွာ၊ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် ၁ ဦးကိုသေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် နာရီဝက်အကြာမှာ ရဲတိုင်းရုံးထဲက ALPHARD နဲ့ PRADO ကား ၂ စီး အင်အား ၁၃ ဦးလိုက်လာတာကို ဗိုလ်တေဇလမ်း၊ ကြယ်စင်မင်း ဆီဆိုင်အနားမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စောင့်ဆိုင်းနေရာကို ရောက်ရှိလာတဲ့ ALPHARD နဲ့ PRADO ကား ၂ စီးကို မီတာ ၂၀ အကွာခန့်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဘက်က ၁ ဦးသာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဗိုလ်နတ်ဆိုး ကပြောပါတယ်။

တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဘက်က ၁၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်တွေကောက်ဖို့အသွားမှာ ထပ်မံရောက်လာတဲ့ ရဲတပ်ဖွဲ့တွေနဲ့ပစ်ခတ်တာ ၄၀ မမနဲ့ပစ်ခတ်ခံရတာတွေကြောင့် လက်နက်ခြင်းမမျှပဲ နောက်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုးတပ်ရင်း၊  မုံရွာခရိုင် အမှတ်(၁)တပ်ရင်း နဲ့ မုံရွာခရိုင် အမှတ် (၂၃) အမဲလိုက်သိန်းငှက်တပ်ရင်းတို့က မစ်ရှင်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #ရဲတပ်ဖွဲ့ #စစ်ကောင်စီ #တိုက်ခိုက်မှု #လက်နက်ကိုင်တော်လှန်ရေး #သေဆုံးမှု #ဒုရဲအုပ် #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10