ဒေသခံတွေကို ဖမ်းဆီးနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာမှာ အထိုင်ချတပ်စွဲနေပြီး ဒေသခံတွေကိုဖမ်းဆီးနေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဆီက သိရပါတယ်။

အဲဒီစစ်အုပ်စုဟာ ညောင်ဖြူပင်ရွာထဲမှာ အင်အား ၂၀ လောက်နဲ့ စစ်သား၊ ရဲ၊ ပျူစောထီးတွေ စခန်းချ တပ်စွဲနေတာ ၁ နှစ်ကျော်ရှိနေပြီး အဲဒီရွာက ပြည်သူတွေကို မကြာမကြာဖမ်းဆီးသလို ရွာကိုလည်း မီးရှို့တာတွေ လုပ်နေတယ်လို့လည်း BLDF က ဆိုပါတယ်။

ပြီးခဲ့ နိုဝင်ဘာ ၂၅ ရက်က မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ကင်းပုန်းဝပ်တဲ့အချိန်မှာ အဆိုပါ စစ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ကာ စစ်အုပ်စုဘက်က ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရတယ်လို့ BLDF စစ်ကြောင်းတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ညောင်ဖြူပင်ရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်သားတွေက သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကို လာကောက်ပြီး ညောင်ဖြူပင်ရဲစခန်းထဲကို ပြန်ဝင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ညောင်ဖြူပင်ရွာမှာ စစ်အုပ်စုက မထွက်သေးဘဲ ဆက်ပြီးတပ်စွဲနေသေးတာကြောင့်  ညောင်ဖြူပင်ရွာ မြောက်ပိုင်းက ပြည်သူ ၁၀၀ ကျော်လောက်က ရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Chaung U People's Defence Force တပ်ခွဲ ၂ Immortal Guerrilla Force၊ မုံရွာခရိုင်တပ်ရင်း ၂၅ သံမဏိတပ်ခွဲ ၃ Force -Mpdf၊ မုံရွာခရိုင်တပ်ရင်း ၂၃၊ မုံရွာခရိုင်တပ်ရင်း ၂၈ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #စစ်အုပ်စု #စစ်သား #ရဲ #ပျူစောထီး #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10