ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာ

ဒေသခံအများအပြားကိုသတ်ပြီးနောက် စစ်ကောင်စီက ပဇီကြီးကို PDF ရွာ‌ဆိုပြီး ဝါဒဖြန့်လာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာပြီး ၂ ရက်အကြာမှာတော့ ကျေးရွာထဲမှာ PDF အလောင်းတွေအပြင် လက်နက်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေ သိမ်းဆည်းရမိထားဆိုပြီး စစ်ကောင်စီချန်နယ်တွေမှာ စတင်ပြောဆိုလာပါတယ်။

ဧပြီလ ၂၁ ရက် ဒီကနေ့ နေ့လည် ၂ နာရီ ၂၄ မိနစ်က စစ်ကောင်စီက ပဇီကြီးမှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်အပြီး "စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ဝန်းကျင်အား လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့ရာ KIA/ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အလောင်းများ၊ လက်နက်၊ခဲယမ်းများနှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ" ဆိုပြီး ထုတ်ပြန်လာပါတယ်။


နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက အဲဒီစာရင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး ဧပြီလ ၂၀ ရက် မနေ့က နေ့လည်ပိုင်းက လုပ်ကြံဇာတ်ကိုခင်းဖို့ စစ်ကောင်စီဘက်က ပြင်ဆင်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

"မနေ့က စစ်ကြောင်း ၂ ကြောင်းနဲ့ ရွာကိုဝိုက်ပြီး ရွာထဲကိုပစ်တယ်။ ပြီးတော့ နောက်ပြန်ဆုတ်တယ်။ သူတို့ပြန်ဆုတ်ပြီး မကြာခင်အတွင်းမှာပဲ ဂျက်ဖိုက်တာနဲ့လာပြီး ဗုံးကြဲတယ်။ ဗုံးကြဲပြီးတော့မှ သူတို့ဝင်တယ်။ ခဏနေတော့ အဲ့လိုလီဆယ်လုပ်ငန်းတွေ လုပ်တယ်။ အခုကလည်း အဲ့ပတ်ဝန်းကျင်မှာပဲ ရှိသေးတယ်" လို့ မြေပြင်မှာ ရောက်နေတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ချန်နယ်တွေမှာတော့ ပဇီကြီးရွာထဲမှာ မိုင်းရှာစက် ၁ လုံး၊ ဗုံးခိုကျင်း ၁ ကျင်း၊ ယူနီဖောင်း ၃ စုံ၊ ကင်းဇယားစာအုပ်၊ ဆန် ၂၅ အိတ်၊ ဆီ ၂၃ ပုံး၊ ဆိုလာ ၄ ချပ်၊ ဘယ်ထရီအကြီး ၃ လုံး၊ စစ်သုံးဟန်းကော ၂ လုံး၊ တဲတွေ၊ ဆိုင်ကယ်တွေနဲ့ ကျည်တချို့ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်မှာပါတဲ့ ပစ္စည်းတချို့နဲ့ပတ်သက်ပြီး “အဲ့တာက မိုင်းရှာစက် မဟုတ်ဘူး။ သူတို့အရပ်ဒေသက ကျောက်ကုန်းတွေဆိုတော့ တောင်ကုန်းတွေပေါ်မှာ ရွှေရှာတဲ့စက်၊ သူကမိုင်းလည်း ရှာလို့ရတယ်။ အဲ့တာမျိုးက အဲ့နားကရွာတွေမှာ တရွာကို မရှိပါဘူးဆို ၄၊ ၅၊ ၆ လုံး ရှိတယ်။ သူက ဈေးကြီးရင် ကြီးသလို သတ္တုရော ရွှေရောရှာလို့ရတယ်။ ရွှေကို အဓိက ရှာကြတာ" လို့ ပဇီကြီးကျေးရွာကို ရောက်ခဲ့ဖူးတဲ့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မိုင်းရှာစက်လို့ ထုတ်ပြန်ထားတာဟာ ရွာသားတွေရဲ့ ရွှေရှာရာမှာ အသုံးပြုတဲ့စက်တွေ ဖြစ်နိုင်တဲ့အပြင်၊ ရွာက လျှပ်စစ်မီးမရသေးတဲ့အတွက် ဆိုလာနဲ့ဘယ်ထရီကို အားထားအသုံးပြုနေရတာဖြစ်ပေမယ့် စစ်ကောင်စီကတော့ ဆိုလာနဲ့ ဘယ်ထရီတွေကို စစ်သုံးပစ္စည်းတွေဆိုပြီး ထုတ်ပြန်ထားပါတယ်။

“စစ်ကြောင်းထိုးတဲ့ အကြောင်းရင်း ကျနော် ကြားသလောက်က သူတို့လော်ဘီတွေနဲ့ သူတို့ပုံရိပ်ကျသွားတာကို ပြန်အဖက်ဆယ်ဖို့ ပဇီကြီးက အခင်းဖြစ်ထားတဲ့နေရာကို PDF စခန်း၊ PDFထောက်ပံ့ရွာဆိုပြီးတော့ ချပြဖို့ စီစဉ်နေတယ်။ ခုနယ်မြေဧရိယာကို ထိန်းချုပ်နိုင်ဖို့အတွက် လောလောဆယ်စစ်ကြောင်းနဲ့ ထိန်းမှာပေါ့။ ထိန်းလို့ရပြီဆို လုပ်ဇာတ်တွေ ရိုက်မယ်။ အင်တာဗျူးတွေ လုပ်မယ်။ အရင်တုန်းက ဖမ်းမိထားတဲ့ PDF တွေရဲ့ လက်နက်အဟောင်းတွေကို ချပြမယ်လို့ ကျေနော်ကတော့ ယုံကြည်တယ်” လို့ ကယ်ဆယ်လုပ်ငန်းတွေလုပ်ပေးနေတဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပဇီကြီးရွာကို ဧပြီလ ၁၉ ရက်နေ့ထဲက စစ်ကောင်စီစစ်ကြောင်းတွေ ရောက်ရှိနေတာဖြစ်ပြီး၊ ၂၀ ရက်နေ့မှာ ရွာထဲကိုဝင်ကာ ဒီကနေ့မှာတော့ ရွာပြင်ပတ်လည်တွေမှာ ကင်းပုန်းတွေချထားပြီး တချို့တဝက်ကတော့ မလယ်ရွာဘက်ကို အထွက်ပြထားတယ်လို့ သိရပါတယ်။

“ကျနော်တို့အထင် ပြောတာပေါ့။ သူတို့က ဒီသူတို့လုပ်သွားတဲ့လုပ်ရက်ကြီးကို အဖက်ဆယ်ဖို့ မဟုတ်ကဟုတ်ကတွေ သတင်းတင်ဖို့လာပြီးတော့ မြေပြင်ကွင်းဆင်းတယ်လို့ ထင်တယ်ဗျ” လို့ ပဇီကြီးအနီးနားက ကျေးရွာသားတဦးက ပြောပါတယ်။

ပဇီကြီးကျေးရွာ အစုံလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပြီး စစ်ကောင်စီအပေါ် သွေးအေးနေတဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းက တကြော့ပြန် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားပြီး ကမ္ဘာသတင်းမီဒီယာတွေကပါ စစ်ကောင်စီရဲ့ အဆိုးဝါးဆုံး ရက်ရက်စက်စက်လုပ်ရပ်အဖြစ် ရေးသားဖော်ပြထား ကြပါတယ်။

ပုံစာ - ဒေသခံအများအပြားကို သတ်ဖြတ်ပြီး စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့သည့် ပဇီကြီးရွာ

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10