သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကွယ်လွန်သွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရည်စူးပြီး မကွေးတိုင်း၊ ဆောမြို့နယ်၊ မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ သံဃာ ၂ ပါးကို နေ့ဆွမ်းကပ်တာနဲ့ စစ်ဘေးရှောင် ၈၀၀ ခန့်ကို ၁ ရက်စာ အာဟာရဒါနကုသိုလ်လုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် Yu & Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
အမေရိကန်နိုင်ငံရောက် အမျိုးသား ၁ ဦးက ဒေါက်တာဇော်မြင့်မောင်အတွက် ရည်စူးလှူဒါန်းခဲ့တာဖြစ်ပြီး အထက်ပါစစ်ရှောင်စခန်းမှာ ကျပ် ၇ သိန်းဖိုးခန့် အာဟာရဒါနပြုလုပ်ခဲ့ကာ နောက်ထပ်စစ်ရှောင်စခန်းတွေကိုလည်း ဆက်လက်လှူဒါန်းသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
“ အလှူရှင်ကပို့ထားတော့ ဒေါ်လာ ၃၅၀ ပို့ထားတာပါ။ ပိုတဲ့ငွေကို နောက်ထပ်စစ်ရှောင်(စခန်း) ၁ ခုကို ရက်ပိုင်းအတွင်း သွားလှူမှာပါ။” လို့ Yu &Tulip Foundation မြေပြင်ထောက်ပို့တာဝန်ခံ မကျူးလစ်က ပြောပါတယ်။
မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ ဆောမြို့နယ်အပြင် ကျောက်ထု၊ မင်းတပ်၊ ကန်ပက်လက် စတဲ့မြို့နယ်တွေဘက်က စစ်ရှောင်အများအပြား လာရောက်ခိုလှုံနေတာဖြစ်ပြီး ဒီကနေ့ ၁ ရက်တာ အာဟာရဒါနအဖြစ် ဝက်သားဟင်း၊ ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးကြော်တို့ကို ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလှူဒါန်းမှုကို ချောက်မြို့ NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင် ၊ Yu& Tulip Foundation အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး လုပ်အားဒါနပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်၊ NLD ပါတီ ဒုတိယဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင် ဟာ အောက်တိုဘာ ၇ ရက် မနက်အစော ၃ နာရီခန့်က မန္တလေးဆေးရုံကြီးမှာ သွေးကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပြီး ၎င်းရဲ့နာရေးသင်္ဂြိုဟ်တဲ့ရက်မှာလည်း မြို့ခံသောင်းနဲ့ချီလိုက်ပါပို့ဆောင်ပေးကြသလို ၎င်းသေဆုံးမှုအတွက် ပြည်သူတွေက ဝမ်းနည်းခြင်း အထိမ်းအမှတ် လှူဒါန်းမှုတွေ အသီးသီးလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ဒေါက်တာဇော်မြင့်မောင် #ရည်စူးကုသိုလ် #စစ်ရှောင် #အာဟာရဒါန
Share Share Share