ဒေါက်တာတေဇာဆန်းဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ပေါ်နေရာတချို့ကို စစ်တပ်ကအရပ်ဝတ်နဲ့ စောင့်ကြည့်နေပြီး မြို့တွင်းလမ်းကြားတွေအထိ လုံခြုံရေးတင်းကျပ်

ဒေါက်တာတေဇာဆန်းဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ပေါ်နေရာတချို့ကို စစ်တပ်ကအရပ်ဝတ်နဲ့ စောင့်ကြည့်နေပြီး မြို့တွင်းလမ်းကြားတွေအထိ လုံခြုံရေးတင်းကျပ်

မန္တလေးမြို့ရဲ့အထင်ကရနေရာတွေမှာ ဒေါက်တာတေဇာဆန်းဆန္ဒပြသွားပြီးတဲ့နောက် စစ်တပ်က ၎င်းဆန္ဒပြခဲ့တဲ့နေရာတွေကိုရှာဖွေတာ၊ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာအပြင် ဧည့်စာရင်းနဲ့ လမ်းသွားလမ်းလာစစ်ဆေးတာတွေကို ပိုပြီးလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့နဲ့ ပုသိမ်ကြီးမြို့ဘက်ကနေ မန္တလေးမြို့အတွင်း ဝင်ရောက်တဲ့နေရာတွေကို ပိတ်ဆို့ထားချိန် မြို့ပတ်လမ်းအနီးက မန္တလေးဆိုင်းဘုတ်၊ လုံခြုံရေးအပြည့်ချထားတဲ့ မန္တလေးကျုံးဘေး၊ လူငယ်တွေနဲ့အစည်ကားဆုံးနေရာ မန္တလေးဗောဓိကုန်းဘုန်းကြီးကျောင်းအနီး ၆၉လမ်း၊ ၃၈လမ်းနဲ့ ၃၉လမ်း ကြားနေရာတွေမှာ ဆန္ဒပြသွားတာပါ။

" ဒေါက်တာတေဇာဆန်း ဆန္ဒပြသွားတာ ဇူလိုင်တတိယအပတ်ထဲမှာ ဖြစ်မယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာ အိမ်စီးကားအဖြူရောင်နဲ့ ရဲ ၅ ယောက်ပါတယ်။ အပွင့်နဲ့ ၁ ယောက်၊ ရိုးရိုး ရဲ ၃ ယောက်၊ ကျန်တဲ့ ၁ ယောက်တော့ မသိလိုက်ဘူး။ သူတို့ရောက်လာပြီးတော့ အိမ်တွေကိုလိုက်မေးတယ်။ ကြဲထားတဲ့ ဆန္ဒပြစာရွက်တွေကိုလည်း သူတို့ပဲ သိမ်းသွားတာ"လို့ မြို့ခံလူငယ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မန္တလေးမြို့အနီး စဉ့်ကူး၊ မတ္တရာနဲ့ သပိတ်ကျင်းနယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေလို့ စစ်တပ်က မြို့အဝင်၊ အထွက်တွေ ပိတ်ဆို့ထားချိန်မှာ မန္တလေးမြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဒီဆန္ဒပြမှုကို ဒေါက်တာတေဇာဆန်းက ပြုလုပ်သွားတာပါ။

မန္တလေးမြို့ပေါ်မှာ ပြသွားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒေါက်တာတေဇာဆန်းက  ဇူလိုင် ၂၂ ရက်မှာ ၎င်းရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြခဲ့ပေမယ့် စစ်ကောင်စီတပ်က ဇူလိုင်လတတိယပတ်အတွင်းက စတင်ကာ ဆန္ဒပြနေရာတွေမှာ စစ်ဆေးတာနဲ့ လုံခြုံရေးတင်းကျပ်တာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

“ ဆန္ဒပြသွားတုန်းက ဒေါက်တာတေဇာဆန်း ပါတယ်လို့ သူတို့အတိအကျသိပုံမရဘူး။ ဓာတ်ပုံတွေတက်လာပြီးမှ သူပါမှန်းသိပြီး အဲ့ဒီနေရာတွေကို ထပ်ပြီးတင်းကျပ်နေတာမျိုး။ အဲ့ဒီဆန္ဒပြသွားတဲ့ညကတော့ တည်းခိုခန်းတွေပါ စစ်တာ ” လို့ မန္တလေးမြို့ခံတဦးက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြဓာတ်ပုံတွေပေါ်ထွက်လာပြီးနောက် ဇူလိုင် ၂၂ နဲ့ ၂၃ ရက်တွေမှာ မဟာမြိုင်ရပ်ကွက် အပါအဝင် ဆန္ဒပြရာနေရာတွေရဲ့ အပိုင်ရပ်ကွက်တချို့မှာ စစ်တပ်က ရှောင်တခင်ဧည့်စာရင်းဝင်စစ်တာ၊ လက်ကိုင်ဖုန်းတွေကို ယူစစ်တာ၊ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာတွေအပြင် လမ်းကြားနေရာတွေအထိ လုံခြုံရေးတင်းကျပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ ဒေါက်တာတေဇာဆန်း ဆန္ဒပြခဲ့တဲ့ မြို့အဝင်ဆိုင်းဘုတ်အနီးနဲ့ ၆၉လမ်းပေါ်မှာ အရပ်ဝတ်တွေနဲ့ပါ စောင့်ကြည့်နေတယ်။ မနေ့ကမြို့တွင်းလမ်းကြို၊ လမ်းကြားတွေအထိ စစ်တပ်က တင်းကျပ်စစ်ဆေးနေတာ ” လို့ ဆိုပါတယ်။

ဒေါက်တာတေဇာဆန်းဟာ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့သူ ဖြစ်တဲ့အပြင် သပိတ်လှုပ်ရှားမှုတွေမှာ စဉ်ဆက်မပြတ်ပါဝင်နေသူဖြစ်ကာ ၎င်းကို ဖမ်းဆီးရမိဖို့ စစ်ကောင်စီတပ်က ဆုကြေးငွေထုတ်ထားသူလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ဒေါက်တာတေဇာဆန်းလူမှုကွန်ယက်။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ဒေါက်တာတေဇာဆန်း #ဆန္ဒပြ #စစ်တပ် #လုံခြုံရေးတင်းကျပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10