ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အညာတော်လှန်ရေးအဖွဲ့များ ပန်းသပိတ်ကျင်းပရန် ပြင်ဆင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အညာတော်လှန်ရေးအဖွဲ့များ ပန်းသပိတ်ကျင်းပရန် ပြင်ဆင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့၊ တနိုင်ငံလုံးမှာကျင်းပမယ့် ပန်းသပိတ်မှာ ပါဝင် ဆင်နွှဲရန် အညာဒေသရှိတော်လှန်ရေးအဖွဲ့တွေက ပြင်ဆင်နေကြတယ်လို့ အညာဒေသတော်လှန်ရေးတပ်ဖွဲ့ တွေက ပြောပါတယ်။ 

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးကာလတလျှောက် ပါဝင်လှုပ်ရှားခဲ့ကြတဲ့ အမျိုးသမီးတွေကိုပါ ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့စစ်ကြောင်းတွေကတော့ ခုထဲက စနေကြပြီ၊ အမေစုနဲ့ အမျိုးသမီးတွေ အားလုံးကိုဂုဏ်ပြုချင်တဲ့အတွက် ပြုလုပ်ကြမှာပေါ့။ ဒီအစီအစဉ်လေးက ကျနော်တို့ သပိတ်အင်အားစုတွေ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ဒီကမ်ပိန်းကို လုပ်ခဲ့တာ”လို့ ယင်းမာပင် ဆားလင်းကြီး သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လူထုပန်းသပိတ် လှုပ်ရှားမှုနေ့မှာတော့ သပိတ်စစ်ကြောင်းတွေက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာသားပါ ဘန်နာတွေကို ကိုင်စွဲ ဆန္ဒပြကြမှာဖြစ်ပြီး၊ ပန်းသပိတ်အပြင် ခွန်အားဖြည့်မိငယ် သီချင်းသီဆိုတာတွေလည်း လုပ်သွားဖို့ရှိတယ်လို့ အညာဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ကျေးလက်မြို့ပြ သပိတ်စစ်ကြောင်းတွေပေါင်းစည်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCBကလည်း အဆိုပါ ပန်းသပိတ်မှာ လူထုပါဝင်ဖို့ တိုက်တွန်းထားပါသေးတယ်။

လာမယ့် ဇွန်လ ၁၉ ရက်မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၇၈ နှစ်ပြည့်မွေးနေ့ ပန်းသပိတ်ပြုလုပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြသပိတ် အင်အားစုတွေရဲ့ ဆွေးနွေးပွဲကို ယနေ့ ဇွန်လ ၁၆ ရက်မှာ အွန်လိုင်းကနေပြုလုပ်ခဲ့ကြပြီး တာဝန်ရှိသူ အသီးသီးက လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်နဲ့ လူထုအများစုပါဝင်နိုင်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသူတွေထံက သိရပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ #အညာတော်လှန်ရေးအဖွဲ့  #၇၈နှစ်ပြည့်  #ပန်းသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10