ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရံပုံငွေဘောလုံးပွဲ ဘန်ကောက်မှာ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရံပုံငွေဘောလုံးပွဲ ဘန်ကောက်မှာ ပြုလုပ်

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းက ဦးဆောင်တဲ့ ရံပုံငွေရှာဖွေပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မွေးနေ့ပွဲအကြို အဖြစ် "အမေစုဖလား" လို့ အမည်ပေးထားတဲ့ ဘောလုံးပွဲကို ဇွန်လ ၁၆ ရက်က ဘန်ကောက်မြို့မှာ ပြုုလုပ်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း သူ/သားတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ စုစုပေါင်းအင်အား ၇၀၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းအတွင်းရေးမှူး ကိုထင်ကျော် ကပြောပါတယ်။

"နွေဦးတော်လှန်ရေးအတွက် အကျိုးဖြစ်စေခြင်းအလိုငှာ ထိုင်းနိုင်ငံအတွင်းက ပဲခူးသူ ပဲခူးသားတွေနဲ့အတူ တိုင်းရင်းသူရင်းသားတွေ ကျနော်တို့ စုပေါင်းပြီးတော့ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းက ဦး‌ဆောင်ပြီး တော်လှန်ရေးရံပုံငွေကို ကျင်းပတယ်။" လို့ ကိုထင်ကျော်က ပြောပါတယ်။

အခမ်းအနားပွဲမှာ ဆုတောင်းမေတ္တာပို့တာ၊ မွေးနေ့ကိတ်ခွဲတာ၊ အမှတ်တရစာတန်းရေးထိုးကြတာနဲ့ ဘောလုံးပြိုင်ပွဲကို ပြုလုပ်ခဲ့ကြတာပါ။

အဲဒီပွဲကနေ ရံပုံငွေ ဘတ် ၉ သောင်းကျော် ရရှိခဲ့ပြီး ပဲခူးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားနဲ့အတူ လက်လှမ်းမီတဲ့ တော်လှန်ရေးအင်အားစုတွေကို ခွဲဝေကူညီထောက်ပံ့မယ့်အပြင် ပဲခူးဖက်ဒရယ်စကူးအတွက် ပညာရေးကဏ္ဍကိုလည်း အဓိကထားလှူဒါန်းသွားမှာဖြစ်တယ် လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလမှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ပဲခူးတိုင်းသူ ပဲခူးတိုင်းသား အဖွဲ့ဝင် ၃၀၀ ကျော်ရှိတယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

အသင်းအနေနဲ့ နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့တာနဲ့ ပညာရေးအတွက် ကူညီတာတွေကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10