ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းတာနဲ့ ပန်းသပိတ်ပြုလုပ်ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းတာနဲ့ ပန်းသပိတ်ပြုလုပ်ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပန်းသပိတ် ပြုလုပ်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB က တိုက်တွန်းထားပါတယ်။

အဲဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူတရပ်လုံးကို ရည်ညွှန်းကာ နည်းလမ်းမျိုးစုံနဲ့ ပန်းသပိတ်တွေ ပြုလုပ်သွားကြမှာ ဖြစ်တယ်လို့ သပိတ် အင်အားစုတွေက ဆိုပါတယ်။

“စစ်ကောင်စီက ပြည်သူလူထုအပေါ်ကို အရှိန်မြှင့်ပြီး ဖိနှိပ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုအချိန်ကာလမှာ စစ်အာဏာရှင်တွေ ပြုသမျှ “ငုံ့မခံဘဲ” စုစုစည်းစည်းနဲ့ တုန့်ပြန်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။ အဲ့ဒီအတွက် ပန်းသပိတ် လှုပ်ရှားမှုတွေကနေ  စစ်အာဏာရှင်တွေ ပြုတ်ကျသွားအောင်အထိ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်ကြဖို့ အရေးကြီးပြီလို့ တိုက်တွန်းချင်ပါတယ်။" လို့ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကို‌ခန့်ဝေဖြိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ သပိတ်အင်အားစု တချို့ကကတော့ ဇွန် ၁၂ ရက်ထဲက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဘန်နာကိုင်စွဲကာ လူထုလှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင် မအိက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း နှင်းဆီနီအပါအဝင် ရှိရာပန်းတွေနဲ့ ဘုရားပန်းတင်တာ၊ ပန်ဆင်တာ၊ အလှပန်းအိုး ထိုးတာ၊ အပြန်အလှန် ပန်းလက်ဆောင်ပေးတာ၊ ပန်းသပိတ် လှုပ်ရှားမှုတွေကို အွန်လိုင်းပေါ် တင်တာ‌စတဲ့ နည်းလမ်းတွေနဲ့ ပါဝင်လို့ရပြီး မြေပြင် ပန်းသပိတ် လူထုလှုပ်ရှားမှုတွေလည်း သတိအပြည့်နဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဒေါ်အောင်ဆန်းစုကြည် #၇၉ #မွေးနေ့ #အထွေထွေသပိတ် #GSCB

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10